Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် ပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး
DVB
·
December 12, 2024
MineAttack-SAC

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာမှာ ပေါ်တာဆွဲဖို့  ဆိုင်ကယ်တွေနဲ့ လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ  ၃ ယောက် သေဆုံးပြီး  ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက် မနက် ၁၀ နာရီ ဝန်းကျင်ခန့်က မီးကောက်ပင်ရွာနှင့် ဒိုးနွယ်ရွာကြား လမ်း‌‌ပေါ်မှာ ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှူ ဖြစ်ပွားခဲ့ကြောင်း BTZM GBK PD  တပ်ခွဲမှူး ကိုတေဇမင်းက ပြောပါတယ်။

“ရှေ့ဆုံးဆိုင်ကယ်ကတော့ နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်၊ နောက်က ဆိုင်ကယ်ပေါ်က လူတွေလည်း ဒဏ်ရာရသွားတယ်၊ ပြီးတော့ အပြန်အလှန်ပစ်ကြတယ်၊ ကျနော်တို့ဘက်က အင်းအားနည်းတော့ အမြန်ပြန်ဆုတ်ခဲ့ရတယ်။ သေသွားတဲ့ တယောက်ရယ်၊ ဒဏ်ရာရတဲ့ လေးယောက်ကို ကားနဲ့ ဇီးကုန်းဘက် ပြန်သယ်သွားတာ၊ လမ်းမှာ နှစ်ယောက် ထပ်သေတယ်လို့ သိရတယ်။” 

အခု မိုင်းဆွဲတိုက်ခိုက်မှုကို  သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း  တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့က ရဲဘော်တွေ ပူးပေါင်းပါဝင်းခဲ့ကြောင်း တပ်ဖွဲ့မှူးနတ်မင်းက ပြောပါတယ်။

“ဘော်ပင်ဆည်စခန်းကနေ ကားတွေနဲ့ လာတာ၊ ကားတွေက အောင်စိုးမိုးရွာထိပ်ထိပဲ မောင်းရတော့ အဲဒီမှာ ကားတွေရပ် လမ်းတွေပိတ်ပြီး စစ်ဆေးမှုတွေ လုပ်တယ်၊ ပြီးတော့ ပေါ်တာဆွဲဖို့ဆိုပြီး ဆိုင်ကယ်တွေနဲ့ ဆက်တက်လာတာ၊ လူငယ်တွေတော့ ပါမသွားကြဘူး၊ ကျနော်တို့က မိုင်းနဲ့တားထားတော့ ဆက်မတက်ရဲတော့တာ၊ ခုကား ၅ စီးနဲ့ အင်အားထပ်ဖြည့်ထားတယ်။” 

စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးချိန်မှစပြီး ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေပြီး အခုလပိုင်းအတွင်းမှာ နေအိမ်တွေအထိပါ လိုက်လံဖမ်းဆီးနေတာလို့ ဆိုပါတယ်။

အုတ်ဖိုမြို့နယ်၊ ငါးရှဉ့်ရိုးအုပ်စု၊ ကျောင်းစုရွာထဲကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် ည ၇ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပြီး ပေါ်တာဆွဲ ပစ်ခတ်ခဲ့တာကြောင့် ရွာသားအချို့ ဖမ်းဆီးခံရပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲမှာ ရွာက ကောင်လေးတယောက်က သူတို့နဲ့ တည့်တိုးတာ၊ ဖမ်းဖို့လုပ်တော့ ထွက်ပြေးတာ၊ အဲဒီမှာ သေနတ်နဲ့ ပစ်တာ လက်မောင်းထိသွားတယ်၊ လူကတော့ လွတ်သွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အသက် ၃၀ အရွယ် အဆိုပါအမျိုးသားဟာ ရရှိတဲ့ သေနတ်ဒဏ်ရာအား ဆေးရုံမှာ သွားရောက် မကုသရဲ‌တာကြောင့် ကျေးလက်က နယ်လှည့်ဆရာတွေနဲ့ ဆေးကုသနေရကြောင်း ဒေသခံတယောက် ပြောတယ်။

“လူငယ်တွေကို မမိတော့ လူကြီးတွေ ၅၀ ကျော် ၆၀ ကျော်တွေ ဖမ်းသွားတယ်၊ ကျနော်တို့ တရွာတည်း မဟုတ်ဘူး၊ ‌ကျေးတောတို့ လက်ဆက်တို့လည်း ပါသွားတယ်။ အကုန်လုံး ၁၀ ယောက်အနည်းပဲ။ ပိုက်ဆံနဲ့လိုက်ရွေးလို့ ပြန်လွတ်လာတဲ့သူတွေ ရှိတယ်၊ မလွတ်သေးတဲ့သူတွေလည်း ရှိတယ်။” 

ငါးရှဉ့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူးနိုင်ဦးဟာ စစ်ကောင်စီက ထုတ်ပေးတဲ့ သေနတ်ကိုင်ဆောင်ပြီး  ကျေးရွာသူ၊ ကျေးရွာသားအပေါ် အနိုင်ကျင့်ဗိုလ်ကျပြီး စစ်မှုထမ်းကင်းလွတ်ဖို့ လစဉ် ငွေကြေးကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013