မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိုးနှောင်းခင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီး တယောက် သေဆုံးသလို ဒဏ်ရာရသူတွေလည်းရှိကာ လူနေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။
တောင်သာလူထုလှုပ်ရှားမှုကော်မတီတာဝန်ခံက “အဲဒီနေ့ညနေခင်းမှာ စစ်တပ်က မိုးနှောင်းခင်းရွာပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲသွားတာပါဗျ။ အမျိုးသမီး တယောက် ဆုံးတယ်။ ၅ ယောက်ကတော့ ဒဏ်ရာရတယ်။ လူနေအိမ်ကတော့ ၁၂ လုံးလောက် ပျက်စီးသွားတယ်။ အဲဒီထဲက ၅ လုံးလောက်က လုံးဝပျက်စီးသွားတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မိုးနှောင်းခင်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်စန်းဝင်း သေဆုံးခဲ့သလို ရွာခံအမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့လည်း ဒဏ်ရာတွေရရှိခဲ့ပါတယ်။
တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အခုဗုံးကြဲခံရတဲ့ မိုးနှောင်းခင်းရွာက တောင်သာမြို့နဲ့ဆို ၂ မိုင်လောက်ပဲ ဝေးတာပါ။ ကျနော်တို့တွေ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ တိုက်ပွဲတွေ ငြိမ်နေတာ။ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစီးက ရွာပေါ်ကို ၂ ပတ်လောက်ဝဲပြီး ဗုံး ၂ လုံးကြဲသွားတာ။ ပြည်သူကို ပစ်မှတ်ထားပြီး သေချာရွေးပြီး ကြဲသွားတဲ့သဘောမှာ ရှိပါတယ်။ ပျက်စီးတာတွေနဲ့ ဒဏ်ရာရတာတွေကို ကြည့်ရတာ အနည်းဆုံး ပေါင် ၅၀၀ ဗုံးလောက်တော့ ရှိမယ်ဗျ။ ဒဏ်ရာရတဲ့သူတွေကိုလည်း ကျနော်တို့ ဆေးတပ်ဖွဲ့က ရဲဘော်တွေကပဲ ဆေးကုသပေးတာတွေ ဆောင်ရွက်ထားပေးပါတယ်” လို့ ပြောပါတယ်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူကို ရန်သူသဖွယ် သဘောထားပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေ အနေလည်း လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြဖို့နဲ့ အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ကိုလည်း အသိပေးတိုက်တွန်းထားပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မိုးနှောင်းခင်းကျေးရွာက ပြည်သူတွေဟာ နေအိမ်တွေ ပျက်စီးသွားသလို စစ်ကောင်စီတပ်က နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်နေကြတဲ့အတွက် တခြားနေရာတွေကို ပြောင်းရွှေ့နေကြ ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခုဗုံးကြဲခံရတဲ့ မိုးနှောင်းခင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းတွေ ဖွင့်လှစ်ခဲ့ကြသေးတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။