Home
မြန်မာသတင်း
ဧရာဝတီတိုင်းမှ စုဆောင်းခံရသည့် တပ်သားသစ်များကို ရှမ်းပြည်နယ် စစ်ဆင်ရေးသို့ပို့ဆောင်
DVB
·
December 11, 2024
Photo: VV
Photo: VV

ဧရာဝတီတိုင်းက စစ်မှုထမ်းအပတ်စဉ် ၅ မှာ စုဆောင်း ခံရတဲ့ အရပ်သား တပ်သားသစ်တွေကို ရှမ်းပြည်နယ် စစ်ဆင်ရေးကို အသုတ်လိုက်ခွဲပို့ပေးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်က စစ်မှုထမ်း ဥပဒေနဲ့ ဖိအားပေးစည်းရုံးခဲ့ပြီး ပုသိမ်မြို့ အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ် (ရွှေမြင်တင်)မှာ စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းပေး ခဲ့တဲ့ တပ်သားသစ် အယောက် ၃၀၀ ကျော်ကို ရှမ်းပြည်နယ်စစ်ဆင်ရေးကို နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်အတွင်း  အသုတ်လိုက် ခွဲပို့နေတာလို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တယောက်က “သင်တန်းမှာ စစ်မြေပြင်ပို့မယ့်အကြောင်း ထုတ်ပြောတာ၊ သင်ကြားပေးတာ မရှိခဲ့ပါဘူး။ အခြေခံစစ်သင်တန်း တတ်မြောက်ထားဖို့ပဲ ပြောတာ။ စစ်မှုထမ်း တပ်သားသစ်တွေကို ရှမ်းပြည်ဘက်က တပ်ရင်းတွေဆီ အသုတ်လိုက် ခွဲပို့နေတာ။ အရင်လို တနေ့တည်း စုပို့တာမဟုတ်ဘူး။ လုံခြုံရေးအခြေအနေကြောင့် ခွဲဖို့နေတာ။ တပ်ရင်း ၄ ခု ကို ပို့တာလို့ ကြားတာပဲ” လို့ ပြောပါတယ်။ 

ရှမ်းပြည် စစ်ဆင်ရေးကို အပို့ခံနေရတဲ့ စစ်မှုထမ်း တပ်သားသစ်တွေကို ပုသိမ်သင်တန်းကျောင်းမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးကျော်ငွေ၊ ဗိုလ်ကြီးဇော်ဇော်တို့က စစ်သင်တန်း ၃ လခန့်အထိ ဦးစီးသင်ပေးခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်းပြီး ရှမ်းပြည်စစ်ဆင်ရေး အပို့ခံရတဲ့ အရပ်သား လူငယ်တွေဟာ ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ မြောင်းမြ၊ ဝါးခယ်မ၊ ရေကြည် စတဲ့မြို့နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယအပတ်ကလည်း ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလရ ၆၃ မှာ အဓမ္မစုဆောင်းခံထားရတဲ့ အရပ်သား စစ်မှုထမ်း တပ်သားသစ် အယောက် ၁၀၀ ကျော် မကွေးတိုင်းဘက်ကို ပို့ခံရတယ်လို့ အိမ်မဲ ခလရ ၆၃ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024