စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက်ရှိ သပြေသာရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၉ ရက် မနက်အစောပိုင်း ၄ နာရီလောက်က စတင်မီးရှို့ခဲ့ပြီး စစ်ကြောင်းနဲ့အတူပါလာတဲ့ အမည်မသိ ဓားစာခံ ၄ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါသပြေသာကျေးရွာကို မီးရှို့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရွှေဘိုမြို့ ကနေ မနက် အစောပိုင်းစစ်ကြောင်းထိုးလာပြီ ရွာကို အခုလိုမီးရှို့ခဲ့သွားတာ ဖြစ်ပါတယ်။
ဒေသခံရွာသားတယောက်က “သူတို့က မနက်ခင်း ၄ နာရီကတည်းက ရွာထဲဝင်တယ်။ ရွာထဲဝင်ပြီးလူနေအိမ်တွေကို တနေကုန် မီးရှို့တာဗျ။ မီးလောင်ဆုံးရှုံးတဲ့ အိမ်အလုံး အရေအတွက်ကတော့ ၁၂၀ ကျော်မီးလောင်ဆုံးရှုံးတယ်”လို့ ပြောပါတယ်။
သပြေသာကျေးရွာဟာ ရွှေဘို- ရေဦးသွား ကားလမ်းမအနီးမှာတည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
ရွှေဘိုမြို့နယ် PDF ခေါင်းဆောင်တယောက်က “ ဒီဇင်ဘာ ၉ ရက်နေ့က မီးရှို့သွားတာဗျ။ နောက်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ စစ်ကောင်စီ စစ်ကြောင်းရွာထဲက ပြန်ထွက်သွားပြီး ရွာကိုရှင်းလင်းရေးဝင်တဲ့အခါ နေ့ခင်း ၂ နာရီအချိန်မှာ အမည်မသိအမျိုးသား ၄ လောင်းကို ရှာဖွေ တွေ့ရှိတယ်ဗျ။ အသက်အရွယ်က အကုန်လုံး ၃၀ နှစ်အောက်တွေပဲဗျ။ အခုတွေ့ရှိတဲ့အလောင်း ၄ လောင်းကတော့ ကျနော်တို့နယ်အတွင်းက မဟုတ်ဘူးဗျ။ စစ်ကောင်စီ စစ်ကြောင်းနဲ့ အတူ ပါလာပြီး အခုလိုသတ်ဖြတ်ထားခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။
သပြေသာကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ပြီး စစ်ကြောင်းနဲ့အတူ အောင်ကျော် ဦးဆောင်တဲ့ပျူစောထီးတွေကလည်း ကျေးရွာရှိ အဖိုးတန် ရွှေငွေတွေနဲ့ ဆန်၊ ဆီ၊ ပရိဘောဂ တွေကို သယ်ယူသွားကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။