ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ ဘုရားပွဲကပြန်လာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ထူပါရုံဘုရားပွဲက ပြန်လာတဲ့ လူငယ် ၄ ယောက်ထက်မနည်းကို ဒီဇင်ဘာ ၉ ရက်ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတာလို့ ဒေသခံ တယောက်က ပြောပါတယ်။
“၁၅နှစ်အရွယ် ကောင်လေးတယောက်ပါတယ်။ အဖမ်းခံရတဲ့ကလေးတွေရဲ့ မိသားစုတွေက လိုက်သွားတော့ ရဲစခန်းမှာမရှိတော့ဘူးပြောတယ်။ အင်းမစစ်တပ်ကို ပို့လိုက်ပြီလို့ ပြောတယ်။ ခုထိတော့တယောက်မှ ပြန်လွတ်မလာသေးဘူး။”
သုံးဆယ်မြို့အနီး ချမ်းသာကုန်းအုပ်စု ချမ်းသာကုန်းရွာနဲ့ သရက်ဖြူကန်ရွာတွေမှာလည်း လူငယ် ၅ ယောက်ကို ဒီဇင်ဘာ ၈ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်။
ဒေသခံအမျိုးသားတယောက်က “မနက် ၅ နာရီလောက် စစ်သား ၃၀ လောက်က သရက်ဖြူကန်၊ သုံးဆယ်လမ်းမကြီး ဒါးဘီးချောင်းတံတားနားမှ ကင်းပုန်းဝပ်ပြီး ဖမ်းသွားတာ၊ ဖမ်းပြီး ဖုန်းတွေပါ တခါတည်း သိမ်းသွားတယ်”လို့ ပြောပါတယ်။
အဆိုပါ ကျေးရွာတွေဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့ လစဉ် အိမ်ထောင်စု တစုလျှင် အနည်းဆုံး ကျပ် ၃၀၀၀၀ ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်းယူနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။
“တချို့ကလေးတွေကတော့ ပိုက်ဆံနဲ့ ပြန်လိုက်ရွေးနေတယ်။ ပြန်လွတ်မယ်တော့ ပြောတယ်။ မရွေးနိုင်တဲ့ ကလေးတွေကတော့ မလွတ်နိုင်ဘူး။ အနည်းဆုံး တယောက် ကျပ်သိန်း ၆၀ လောက် တောင်းနေတယ်။ အဲဒီအဖမ်းခံရတဲ့အထဲက ကောင်လေးတယောက်ရဲ့ အဖေဆို ကြံ့ခိုင်ရေးပါတီဝင် တယောက်ပဲ။”
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း သာယာဝတီမြို့နယ် လက်ပံလှကျေးရွာသား လူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်က ညဘက်နေအိမ်တွေ အထိ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပါတယ်။