ဆူဒန်စစ်တပ်ဟာ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF)တွေ ထိန်းချုပ်ထားဒေသကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး RSF ကလည်း ကျေးရွာတွေကို စီးနင်းတိုက်ခိုက် အမြောက်တွေနဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာကြောင့် ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ လူ ၁၂၇ ယောက် ထက်မနည်း သေဆုံးခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) က ခါတွန်မ်ပြည်နယ်မှ အွန်မ်ဒူရ်မန်မြို့က စစ်တပ်ထိန်းချုပ်ထားတဲ့အပိုင်းကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူပေါင်းရာချီ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အမြောက်ထိမှန်ခံရတဲ့ ဘတ်စ်ကားတစီးပေါ်မှာ လိုက်ပါစီးနင်းသူ ၁၄ ယောက် အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အရေးပေါ် ကိစ္စရပ်များဆိုင်ရာ ရှေ့နေတွေက ပြောပါတယ်။
လူပေါင်း ၆၅ ယောက်သေဆုံးခဲ့တယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ ပြည်နယ်အစိုးရမှ ပြောကြားခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေကို အနီးနားရှိ အယ်လ်နော ဆေးရုံကို လွှဲပြောင်းပေးထားတယ်လို့လည်း ဆိုပါတယ်။
အလောင်းတွေ ထည့်ထားတဲ့ အိတ်တွေနဲ့ ဆေးရုံတွေဆီ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူတွေကို ခါတွန်မ် အုပ်ချုပ်ရေးမှူး အာမဒ် အော့စ်မန် ဟမ်ဇာက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
မြောက်ပိုင်းဒါဖာ ပြည်နယ်မှာလည်း ဒီဇင်ဘာ ၉ ရက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အရေးပေါ်ရှေ့နေများအဖွဲ့တို့က ပြောပါတယ်။
မြောက်ပိုင်း ဒါဖာရှိ ကဘ်ကာဘိယမြို့ရဲ့ လူအစည်ကားဆုံးဈေးနေ့မှာ တိုင်ကီဗုံး ၈ လုံးထက်မနည်း ကြဲချထိမှန်ခဲ့ကြောင်း ဒီမိုကရေစီထောက်ခံတဲ့ အယ်လ်ဖာရှာ ခုခံရေးကော်မတီက ပြောပါတယ်။
ဆူဒန်နိုင်ငံအတွက် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေ ရပ်တန့်နေပြီး တခြားနေရာတွေက တိုက်ပွဲတွေကိုလည်း ကမ္ဘာက အာရုံစိုက်နေရတာကြောင့် ဆူဒန်စစ်ပွဲမှာ သွေးထွက်သံယို ပိုများလာကြပါတယ်။
ဒါဟာ ဆူဒန်စစ်တပ်နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) အကြား လပေါင်း ၂၀ နီးပါးကြာမျှ အဆုံးသတ် မမြင်ရသေးတဲ့ ဆူဒန်နိုင်ငံရဲ့ အဆိုးရွားဆုံး စစ်ပွဲအတွင်း သေဆုံးမှုအများဆုံး နေ့ရက်တွေထဲက တခုဖြစ်ပါတယ်။
Source: Reuters