Home
မြန်မာသတင်း
အုတ်ဖိုတွင် စစ်တပ်က အမျိုးသမီး ၁ ဦးကို ဖမ်းဆီးပြီး နေအိမ်ရှိ ပစ္စည်းများပါယူဆောင်
DVB
·
December 12, 2024

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သဲကောရွာမှ  အမျိုးသမီးတဦးအား စစ်ကောင်စီတပ်ဖွဲဝင်တွေက ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ်ရှိ စပါးနဲ့ လက်ဝတ်လက်စားတွေ၊ အိမ်တွင်းပရိဘောဂတွေကို ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အသက် ၂၈ နှစ်အရွယ် မသိတာပြုံး‌ဟာ သာမာန် လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“စစ်သားတွေ၊ ရဲတွေ ၁၀ ယောက်အနည်းဆုံးပဲ ကားတွေနဲ့ ရောက်လာပြီးဖမ်းသွားတာ။ အိမ်ထဲက စပါးတွေကိုလည်း ကားတွေထပ်ခေါ်ပြီး သယ်ထုတ်သွားတယ်။ ပြီးတော့ စတီးခုံတွေ၊ ကုတင်တွေကအစ အကုန်သယ်သွားတယ်၊ လက်ဝတ်ရတနာတွေလည်း ယူသွားတယ်။” 

ဒါ့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေအိမ်ကိုလည်း မီးရှို့မယ်ဆိုပြီး ဓာတ်ဆီပုံးတွေ ယူဆောင်လာကြောင်း ဒေသခံတယောက်က ပြောပါတယ်။

“မီးမရှို့ဖို့တော့ ရွာသားတွေဝိုင်းပြောလို့ ရှို့မသွားဘူး။ မီးရှို့ရင် အိမ်တွေ ကပ်နေတော့ တရွာလုံး ပြာကျမှာ၊ ဘာလို့ ဖမ်းသွားလဲဆိုတာမသိဘူး၊ ကောင်မလေးက အပျို၊ အိမ်ထောင်မရှိဘူး။” 

အခုတပတ်အတွင်း အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ဆိုးဝါးစွာလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024