ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေ ပေါင်းကာ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် အရပ်သားလူငယ်တွေကို ညဘက် အဓမ္မလိုက်လံဖမ်းဆီး ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖျာပုံမြို့နယ်မှာ တပ်သား လိုအပ်ချက်ကြောင့်ဆိုပြီး ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ စစ်ကောင်စီတပ် ပြည်သူ့စစ်နဲ့ အုပ်ချုပ်ရေးမှူးတွေက ကင်းလှည့်လာရင်း အရပ်သားလူငယ်တွေ ရှိနေတဲ့ အိမ်တွေကို တိုက်ရိုက်ဝင်ရောက်ဖမ်းဆီးခေါ် ဆောင်နေတာလို့ ဆိုပါတယ်။
ဖျာပုံဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးက မြို့နယ်ကို ပို့ထားတဲ့ စစ်မှုထမ်းစာရင်း လာခေါ်တာလို့ ပြောပြီး ဖမ်းခေါ်တာ။ ထွက်ပြေးမှာစိုးလို့နဲ့တူတယ် အတင်းကို ဖမ်းခေါ်တာ။ ၃ ယောက် ပါသွားတယ်။ စစ်သားတွေ မနည်းဘူး ပါလာတယ်။ အရင် စစ်မှုထမ်းအသုတ်တွေက ဆင့်စာပို့ခေါ်တာ”လို့ ပြောပါတယ်။
ဖျာပုံမြို့နယ်မှာ ၂ ရက်အတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီး စစ်သား စုဆောင်းခံရတဲ့ အရပ်သား ၁၇ ယောက်ထက်မနည်းရှိလာပြီး ဖမ်းဆီး ခေါ်ဆောင်ခံရသူ အများစုဟာ မြို့ပေါ်ရပ်ကွက်တွေက ဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဖျာပုံဘက်မှာ အခုလို ဖမ်းခေါ်တာတွေရှိနေတယ်လို့ သတင်းတွေတက်နေတာ တွေ့ရပါတယ်။ စစ်မှုထမ်းဖို့ ဥပဒေနဲ့အညီလား၊ ဘယ်လိုကြောင့် ဖမ်းခေါ်တာလဲဆိုတာ တိတိကျကျ ပြောမရသေးပါဘူး။ စစ်မှုထမ်းတပ်သား လိုအပ်ချက်ရှိ နေတာကြောင့် အရင်အပတ်စဉ်တွေကလို ငွေပေးငွေယူ လုပ်တာ၊ အစားထိုးတာတွေ မလုပ်ဖို့ လူပဲခေါ်ဖို့ အထက်အမိန့်ပေး ညွှန်ကြားထားတာရှိတယ်”လို့ ပြောပါတယ်။
ဖျာပုံမြို့နယ်ကနေ အဓမ္မစစ်သားစုဆောင်း ဖမ်းဆီးခေါ်ခံရတဲ့ အရပ်သားလူငယ်တွေဟာ အသက် ၁၇ နှစ်ကနေ ၂၅ နှစ်အရွယ်တွေ ဖြစ်ပြီး စစ်ကောင်စီတပ်က ဘယ်ခေါ်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ဒီဇင်ဘာ ပထမအပတ်ကလည်း ဖျာပုံမြို့ရပ်ကွက်တချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုမထမ်းလိုတဲ့ အရပ်သားတွေဆီကနေ လာဘ်စားထားပေမဲ့ မဲပေါက်တယ်လို့ဆိုပြီး လူငယ်တချို့ကို စစ်မှုထမ်းဖို့ ခေါ်ဆောင်နေလို့ ဒေသခံတွေနဲ့ အငြင်းပွားမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာလပထမအပတ်ကလည်း စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး အဓမ္မ ငွေကောက်ယူခဲ့တဲ့ ဖျာပုံမြို့နယ် ကြက်ဖမွှေးစောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်ကို ဒေသခံတွေက တိုင်ကြားလို့ ခရိုင်နဲ့ တိုင်းအဆင့်က စစ်ဆေးပြီး ရာထူးဖယ်ရှား ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။