Home
မြန်မာသတင်း
ရန်ကုန်ဘိန်းခန်းများက စစ်မှုထမ်းရန်လူသစ်စုပေးနေ
DVB
·
December 14, 2024

ရန်ကုန်မှာ မူးယစ်ဆေးဝါးဈေးကွက်ရှိတဲ့ မြို့နယ်တွေကဘိန်းခန်းတွေဟာ စစ်တပ်အတွက် စစ်မှုထမ်းဖို့ လူသစ်စုပေးနေတဲ့နေရာတွေဖြစ်လာတယ်လို့ ဘိန်းခန်းတွေမှာ အလုပ်လုပ်နေတဲ့ နယ်မြေခံ လူမိုက်တွေနဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းမှာ မူးယစ်ဆေးဝါး အဓိကဖြန့်ဖြူးပြီး ဘိန်းခန်းတွေဖွင့်လှစ်ထားတဲ့ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တို့ဟာ စစ်ကောင်စီအတွက် လူသစ်စုဆောင်းတဲ့နေရာတွေဖြစ်လာပြီး လူသစ်မပေးနိုင်ရင် ဆက်ကြေး လာကောက်တဲ့ ရဲတွေကို သိန်းဆယ်ဂဏန်းလောက်အထိ ဆက်ကြေးပေးရပြီး ဆက်ကြေးမပေးနိုင်ရင်လည်း စစ်ကားတွေနဲ့ အင်အားပြတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

သာကေတမြို့နယ်၊ ၁ ရပ်ကွက်က နယ်မြေခံလူမိုက်တယောက်က “စစ်မှုထမ်း အပတ်စဉ် ၃ စခေါ်တဲ့အချိန်ကစပြီး အဲဒီဈေးကွက်ကဖြစ်လာတာ။ ရပ်ကွက်ထဲမှာ ဘိန်းခန်း ၂ ခုဖွင့်ထားရင် တလကို ၂ ယောက်နှုန်းလောက်ပေးရပါတယ်။ လာနေကျဖောက်သည်ကောင်လေးတွေထဲက အခြေအနေကောင်းနိုင်မယ့်သူတွေ့ရင် သူလာနေကျအချိန်နဲ့ သူရှိနေချိန် ရဲကိုဖုန်းဆက်ပြီး လှမ်းခေါ်ရတယ်။ ရဲရောက်လာရင် မူးယစ်အမှုဆိုပြီး ခေါ်သွားတာမျိုးပေါ့။ အဲဒီ ဘိန်းခန်းတွေဆိုတာကလည်း ရန်ကုန်က နာမည်ကြီးလူမိုက်တွေဖွင့်ထားတာ။ ရဲနဲ့စစ်တပ်ပေါင်းပြီး ငွေတောင်းတဲ့နေရာတွေပေါ့။ အရင်ကငွေပဲပေးရတာ။ ဒီနောက်ပိုင်းကျတော့ လူရော ပိုက်ဆံပါပေးနေရတာ” လို့ ပြောပါတယ်။

ရန်ကုန်က မူးယစ်ဆေးဝါးဖြန့်ဖြူးသူ လက်ခွဲဒိုင်တွေနဲ့ဘိန်းခန်းတွေအကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အပိုင်ရာအိမ်မှူးတွေကလည်း သိရှိထားကြပေမယ့် လူမိုက်တွေကို မလွန်ဆန်နိုင်တဲ့အတွက် မသိကျိုးကျွံပြုထားရတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

ဒီလို ဘိန်းခန်းတွေပေါများလာတဲ့အတွက် လူငယ်တွေထဲ မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများပြားလာပြီး ပလုံကောက်တဲ့အလုပ်မျိုးနဲ့ပါငွေရှာပြီး ဘိန်းခန်းတွေကိုနေ့စဉ်လာနေကြတယ် လို့ လှိုင်သာယာမြို့နယ်၊ ၃ ထိပ်မှတ်တိုင်အနီးမှာနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“ဖွင့်ထားတဲ့ဘိန်းခန်းတွေမှာ အသီး(WY)၊ ဘိန်းဖြူ၊ ဆေးခြောက် အကုန်ရတယ်။ ကျနော်တို့ဘက်က ဘိန်းခန်းကတော့ အပေါ်ထပ် အောက်ထပ်ခွဲထားတယ်။ အောက်မှာဆိုရင် အသီးရှုတဲ့သူ၊ အပေါ်ထပ်ကတော့ ဘိန်းဖြူရှူတာဖြစ်ဖြစ်၊ ထိုးတာဖြစ်ဖြစ်လုပ်တယ်။ လာတဲ့သူတွေက သန်တုန်းမြန်တုန်းအရွယ်တွေပဲ။ အများစုက ပလုံကောက်ပြီး ဘိန်းရှူဖို့လုပ်တယ်။ တချို့က ခိုးလာတဲ့ပစ္စည်းပြန်ရောင်းပြီး ဆေးသုံးတဲ့သူတွေ၊ ၁၀၀ လောက်၊ ၂၀၀ လောက် မုန့်ဖိုးပေးပါဆိုပြီး တောင်းတဲ့သူတွေ။ အုပ်ကြီးအိမ်နဲ့ ၁၀ အိမ်ပဲခြားတဲ့နေရာမှာ ဘိန်းခန်းဖွင့်ထားတာ အုပ်ကြီးကိုယ်တိုင်သိတယ်။ ဒါပေမယ့် လူမိုက်တွေကိုကြောက်တော့ အုပ်ကြီးလည်းမပြောရဲဘူး”

စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဟာ အဲဒီဘိန်းခန်းတွေကနေ လစဉ် သိန်းဆယ်ဂဏန်းလောက် ဆက်ကြေးရရှိနေပေမယ့် ပေးရတဲ့ပမာဏအတိအကျကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နဲ့ နိုင်ငံအနှံ့မှာ မူးယစ်ဆေးအများအပြား ဖမ်းဆီးရမိတဲ့ အကြောင်းတွေကို စစ်ကောင်စီက မကြာခဏကြေညာနေပေမယ့် ဘိန်းခန်းတွေဖွင့်လှစ်ခွင့်ပေးပြီး အဲဒီဘိန်းခန်းတွေကနေ စစ်သားသစ်စုဆောင်းနေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013