Home
နိုင်ငံတကာ
နိုင်ငံတည်ငြိမ်ရေး အစွမ်းကုန် ကြိုးပမ်းမည်ဟု တောင်ကိုရီးယား ယာယီသမ္မတ ကတိပြု
DVB
·
December 15, 2024
Photo: Yonhap via REUTERS

တောင်ကိုရီးယားသမ္မတယွန်းဆွတ်ခ်ယိုးကို စွပ်စွဲပြစ်တင် ရာထူးရပ်ဆိုင်းလိုက်ပြီးနောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ယာယီသမ္မတဖြစ်လာတဲ့ ၀န်ကြီးချုပ် ဟန်ဒုခ်ဆူးဟာ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်လည်ပတ်နိုင်ဖို့  အစွမ်းကုန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

၀န်ကြီးချုပ် ဟန်ဒုခ်ဆူးကို သမ္မတယွန်းက ခန့်အပ်ထားတာဖြစ်ပြီး သမ္မတယွန်း စွပ်စွဲပြစ်တင်ခံရပြီးနောက် ဒီလိုခက်ခဲတဲ့ကာလမှာ နိုင်ငံတည်ငြိမ်မှု ရှိစေဖို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ သတင်းထောက်တွေကို ယာယီသမ္မတဟန်က ပြောပါတယ်။

၂၀၂၂ ခုနှစ်က သမ္မတ ယွန်းကို ရွေးကောက်တင်မြှောက်ပြီးနောက်မှာ ဝန်ကြီးချုပ်အဖြစ် ဟန်ဒုခ်ဆူး ကို ခန့်အပ်ခဲ့တာပါ။

ဟန်ဒုခ်ဆူးဟာ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ပြည်သူ့ရေးရာတွေမှာ ကျွမ်းကျင်သူဖြစ်ပြီး သမ္မတဟောင်း ရိုမူဟျွန်း လက်ထက် ၂၀၀၇ ခုနှစ် ဧပြီလမှ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအထိ ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဟန်ဒုခ်ဆူးဟာ အကောက်ခွန်အေဂျင်စီ၊ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့အပါအဝင် အစိုးရကဏ္ဍမှာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံဆိုင်ရာ သံတမန်အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

သမ္မတ ယွန်းကတော့ စွပ်စွဲပြစ်တင်မှုအပြီးမှာ အာဏာဆုံးရှုံးသွားပေမဲ့ သူ့ရုံးခန်းမှာပဲ ရှိနေဦးမှာဖြစ်ပြီး သူ့ရဲ့သမ္မတအာဏာကို ကိုင်စွဲသုံးနိုင်ခွင့် မရှိဘဲ ဆိုင်းငံ့ခံထားရတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက သူ့ကို ရာထူးကနေ ဖယ်ရှားခြင်း ဒါမှမဟုတ် ပြန်လည်နေရာချထားခြင်း မပြုမချင်း ဒီရာထူးမှာပဲ ဆက်ရှိနေဦးမယ်လို့ ဆိုလိုပါတယ်။

တရားရုံးက သမ္မတ ယွန်းကို ဖယ်ရှားလိုက်တာဖြစ်စေ သမ္မတ ယွန်း နုတ်ထွက်သွားရင်ဖြစ်စေ သမ္မတ ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမှာဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013