Home
မြန်မာသတင်း
လာမည့်နှစ်ဆန်းပိုင်း၌ တောင်ကိုရီးယားသို့ မြန်မာအမျိုးသမီးလုပ်သားများ စေလွှတ်နိုင်ဖွယ်ရှိ
DVB
·
December 14, 2024

လာမယ့်နှစ်ဆန်းပိုင်းမှာ တောင်ကိုရီးယားနိုင်ငံဆီ မြန်မာအမျိုးသမီးလုပ်သားတွေ EPS စနစ်နဲ့ စေလွှတ်နိုင်တယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ ကုန်ထုတ်လုပ်ငန်းပထမအသုတ်နဲ့ ဝန်ဆောင်မှုလုပ်ငန်း အုပ်စု ၁ (EPS-TOPIK)နဲ့ Skills Test အောင်မြင်ထားတဲ့သူတွေအတွက် အလုပ်လျှောက်လွှာကို ဒီဇင်ဘာနောက်ဆုံးအပတ် ဒါမှမဟုတ် ဇန်နဝါရီလဆန်းမှာ ဆောင်ရွက်သွားမယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) ကလည်း ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ EPS-TOPIK စာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားကို ပထမဆုံးထည့်သွင်းခဲ့ပြီး အဲဒီလုပ်ငန်းအတွက် အမျိုးသမီးတွေကိုပါ ဖြေဆိုခွင့်ပေးခဲ့တာဖြစ်ပါတယ်။

မကြာခင် အလုပ်လျှောက်လွှာခေါ်မယ့်အထဲ ဝန်ဆောင်မှုလုပ်ငန်းပါလာတဲ့အတွက် တောင်ကိုရီးယားနိုင်ငံဆီ မြန်မာအမျိုးသမီးလုပ်သားတွေ ပထမဆုံးသွားရောက်လုပ်ကိုင်ခွင့်ရဖို့ နီးစပ်လာတာလို့ ကိုရီးယားဘာသာသင်တန်းဖွင့်လှစ်ထားသူတယောက်က ဆိုပါတယ်။

“အလုပ်လျှောက်လွှာတင်ပြီးရင် သိပ်မကြာဘူး။ အလုပ်ခေါ်စာကျတတ်တော့ လာမယ့် နှစ်ဆန်းလောက်မှာ မြန်မာအမျိုးသမီးတွေသွားရောက်ခွင့်ရနိုင်မယ်လို့ မျှော်လင့်ရတယ်။ ခေါ်ယူမယ့် ခွဲတမ်း များများရရင်တော့ ပိုကောင်းတာပေါ့”

တောင်ကိုရီးယားနိုင်ငံဆီ တခြားနိုင်ငံတွေက အမျိုးသမီးလုပ်သားတွေကို အရင်ကတည်းက စေလွှတ်တာရှိပေမယ့် မြန်မာနိုင်ငံအနေနဲ့က အခုမှခွင့်ပြုတာဖြစ်တယ်လို့လည်း သင်တန်းကျောင်းတချို့က ဆိုပါတယ်။

EPS-TOPIK စာမေးပွဲရဲ့ ဝန်ဆောင်မှုလုပ်ငန်းမှာ အမျိုးသားတွေအပြင် အမျိုးသမီး ၃,၀၀၀ ကျော် စာမေးပွဲအောင်မြင်ထားတယ်လို့လည်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီစာမေးပွဲကိုဖြေဆိုရာမှာ အမျိုးသမီးတွေအနေနဲ့ တက္ကဝင်တန်းစာမေးပွဲအောင်မြင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။

စာမေးပွဲအောင်ပြီး ကိုရီးယားထွက်ခွာခွင့်ရရှိရေး စောင့်ဆိုင်းနေသူတယောက်က “ပညာအရည်အချင်း ကန့်သတ်ချက်ကြောင့် စာမေးပွဲမဖြေလိုက်ရတဲ့သူတွေရှိခဲ့တယ်။ နောက်အသုတ်တွေမှာတော့ အဲဒါကိုဖြေလျှော့ပေးရင်ကောင်းမယ်။ အခုကတော့ အလုပ်ခေါ်စာရဖို့ ဆက်စောင့်နေတယ်” လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိ မြန်မာလုပ်သား ၇၀,၀၀၀ နီးပါး ရောက်ရှိလုပ်ကိုင်နေတယ်လို့လည်း မှတ်တမ်းတွေအရသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024