Home
နိုင်ငံတကာ
တောင်ကိုရီးယားအစိုးရ အုပ်ချုပ်ရေးယန္တရား ရပ်တန့်မည့်အခြေအနေဖြင့် ရင်ဆိုင်နေရ
DVB
·
December 9, 2024
Photo: Reuters

တောင်ကိုရီးယားနိုင်ငံမှာ အစိုးရကို ဘယ်သူက အမှန်တကယ် ဦးဆောင်နေသလဲဆိုတာ မရှင်းမလင်းဖြစ်နေပြီး အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ယိုးက သူ့ရာထူးကို အမည်ခံအားဖြင့် ဆက်ထိန်းထားပေမဲ့ နိုင်ငံကို မအုပ်ချုပ်တော့ဘူးလို့ သူ့ရဲ့ ပြည်သူ့အာဏာပါတီ (PPP) ခေါင်းဆောင် ဟန်ဒေါင်ဟွန်းက ပြောထားပါတယ်။

အဲဒီအစား ဟန်က သူ့ကိုယ်သူ အစိုးရရဲ့ ဆုံးဖြတ်ချက်ချမှတ်သူအဖြစ် ရပ်တည်နေတယ်လို့ ပြောထားပါတယ်။

အတိုက်အခံအင်အားစုတွေကတော့ PPP ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းဟာ စည်းကျော်နေပြီလို့ ဝေဖန်ထားကြပါတယ်။

တောင်ကိုရီးယားစစ်တပ်ကတော့ သမ္မတဟာ စစ်သေနာပတိချုပ်အဖြစ် ဆက်ရှိနေတယ်လို့ ဖြေရှင်းထားပါတယ်။

လွန်ခဲ့တဲ့တပတ်က အငြင်းပွားဖွယ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ၊ ရုပ်သိမ်းခဲ့တာတွေ နောက်ပိုင်း သမ္မတယွန်းဟာ လုံးဝ လူလုံးထွက်မပြတော့ပါဘူး။

စနေနေ့က လွှတ်တော်အမတ်တွေရဲ့ စွပ်စွဲဖြုတ်ချမှုကို ရင်ဆိုင်ရတော့မယ့် နောက်ဆုံးအခြေအနေမှာ သမ္မတယွန်းက နိုင်ငံကို တောင်းပန်စကား ပြောကြားခဲ့ပေမဲ့ နုတ်ထွက်ဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

သူ့အနေနဲ့ ရာထူးမှာ ဘယ်လောက်ကြာကြာ ဆက်နေသင့်သလဲ၊ အစိုးရကို ဘယ်လို ဆက်လက် လည်ပတ်သင့်သလဲ ဆိုတာကို သူ့ပါတီကိုပဲ ဆုံးဖြတ်ခွင့် အပ်နှင်းခဲ့ပါတယ်။

တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက နုတ်ထွက်တာ၊ စွပ်စွဲဖြုတ်ချခံရတာ ဒါမှမဟုတ် ရွေးကောက်ပွဲကျင်းပတာကလွဲလို့ တခြားသူတယောက်က သမ္မတရာထူးကို အစားထိုးယူခွင့် မရှိပါဘူး။

သမ္မတရုံးဟာ ပြည်ထဲရေးဝန်ကြီး လီဆန်းမင်း နုတ်ထွက်စာကို သမ္မတက လက်ခံခဲ့ပြီး ဥပဒေအရ သူ့လုပ်ပိုင်ခွင့်တွေ ရှိနေသေးတယ်လို့ အစိုးရအရာရှိတယောက်က ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမှာ ဆရာဝန်လောင်း ထောင်ပေါင်းများစွာက သမ္မတယွန်းရဲ့ ကျန်းမာရေးမူဝါဒ ပြောင်းလဲမှုကို ကန့်ကွက်ဆန္ဒပြနေတာ တနှစ်နီးပါး ရှိနေပါပြီ။

အလုပ်သမားသမဂ္ဂတွေကလည်း သမ္မတကို စွပ်စွဲဖြုတ်ချတဲ့အထိ သပိတ်မှောက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားခြိမ်းခြောက်မှု တိုးမြင့်လာနေချိန်၊ စီးပွားရေး နှေးကွေးလာမှု၊ အိမ်ထောင်စု အကြွေးများပြားလာမှု၊ မွေးနှုန်းကျဆင်းမှု၊ အိမ်ရာစျေးနှုန်း မတတ်နိုင်မှု စတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။

ရှေ့လာမယ့် စနေနေ့မှာ အတိုက်အခံတွေက သမ္မတယွန်းကို ထပ်မံစွပ်စွဲဖြုတ်ချဖို့ ကြိုးပမ်းမယ်လို့ ကြေညာထားပါတယ်။

အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီကတော့ အပတ်တိုင်း စွပ်စွဲဖြုတ်ချရေး မဲခွဲမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားထားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024