တောင်ကိုရီးယားနိုင်ငံမှာ သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေသလို ကိုရီးယားရောက် မြန်မာတွေကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
လက်ရှိတောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ မတည်ငြိမ်သေးတဲ့အတွက် သတိထားစောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ တောင်ကိုရီးယားရောက် တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ လှုပ်ခတ်မှုဟာ ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေးအတွက် အာရုံစိုက်မှုကို လျော့နည်းစေပြီး အနုတ် လက္ခဏာဆောင်တဲ့ အခြေအနေမှာ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအဖွဲ့ဝင် စီမံရေးရာတာဝန်ခံ ဦးဝင်းပေါ်မောင်က ပြောပါတယ်။
လက်ရှိအချိန်မှာ သမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ လွှတ်တော်ပါတဲ့ လူထုနဲ့ကြားမှာ အားပြိုင်မှုတွေ ဖြစ်နေပြီး သမ္မတကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ရှိနေပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာတဲ့နေ့မှာ ဒေါ်လာဈေးထိုးတက်ပြီး ကိုရီးယားဝမ်ငွေဈေး ကျသွားကာ လက်ရှိမှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီလို့ သိရပါတယ်။
အစိုးရရုံးတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ စက်ရုံတွေလည်း ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ ကိုရီးယားရောက် မြန်မာတွေက ပြောပါတယ်။
နိုင်ငံရေး မငြိမ်သက်မှုတွေ ကြာရှည်လာခဲ့ရင်တော့ အလုပ်အကိုင်ရှားပါးတာနဲ့ အလုပ်ရဖို့မလွယ်တဲ့ ပြဿနာတွေကို ကိုရီးယားရောက် မြန်မာတွေ ရင်ဆိုင်ရနိုင်တယ်လို့ ကိုရီးယားရောက် မြန်မာတယောက်က ပြောပါတယ်။
မြောက်ကိုရီးယားကို လိုလားတဲ့ အင်အားစုတွေကို ရှင်းထုတ်ပစ်ဖို့နဲ့ ဖွဲ့စည်းပုံပါ လွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီဇင်ဘာ ၃ ရက်ညမှာ တောင်ကိုရီးယားသမ္မတက မာရှယ်လော စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့တာပါ။
ဒီနောက် ၆ နာရီအကြာမှာ လွှတ်တော်အမတ်တွေက စစ်အုပ်ချုပ်ရေးကို ဖယ်ရှားရေးအတွက် ထောက်ခံမဲပေးခဲ့ကြတဲ့အတွက် သမ္မတရဲ့အမိန့်ကို ရုပ်သိမ်း ပယ်ဖျက်နိုင်ခဲ့ပါတယ်။
လင်းအိမ်