
တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တို့ အဆက်အသွယ်ရှိနေကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပြီး ဖြစ်ပျက်နေဆဲ အဖြစ်အပျက်တွေအကြား ဆိုးလ်ကနေ အကူအညီတောင်းခံခြင်း မရှိကြောင်းလည်း ထပ်လောင်း ပြောဆိုပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာချက်ဟာ တောင်ကိုရီးယားမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ အပေါ် သိသိသာသာ သက်ရောက်မှုရှိနေမယ်လို့ မယူဆကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပက်ထရစ် ရိုက်ဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ တောင်ကိုရီးယားသမ္မတနိုင်ငံရှိ ဖွံ့ဖြိုးဆဲအခြေအနေတွေကို ဆက်လက် စောင့်ကြည့်နေပါကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုကလည်း ပိုမိုသိရှိရဖို့ တောင်ကိုရီးယားအစိုးရနဲ့ အနီးကပ် ဆက်သွယ်နေပြီး တိုးတက်မှုတွေကိုလည်း အနီးကပ် စောင့်ကြည့်နေပါကြောင်း” ကာကွယ်ရေးဝန်ကြီးဌာန သတင်းပြန်ကြားရေး အတွင်းရေးမှူး ပက်ထရစ် ရိုက်ဒါက ပြောပါတယ်။
တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ကြား ၃ နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတာက အရမ်းအရေးကြီးပြီး ရှေ့ဆက်ပြီး အရေးပါတဲ့ အရာတခုပါလို့လည်း ပြောသွားပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယားရဲ့ ဖြစ်ပျက်နေဆဲ အခြေအနေတွေကို အမေရိကန်ပြည်ထောင်စုက အလေးထားစောင့်ကြည့်နေပြီး အလွန်စိုးရိမ်ကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုးလ်မှာ အဆင့်တိုင်းက ကိုရီးယားသမ္မတနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့် ပတေးလ် ကလည်း ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံရေးအငြင်းပွားမှု မှန်သမျှကို တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဗီးဒန့် ပတေးလ်က ပြောဆိုသွားပါတယ်။
Source : Reuters