အင်္ဂလန်နိုင်ငံရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းတွေပေါ်မှာ အမျိုးအမည်မသိ ဒရုန်းအများအပြားကို တွေ့ရှိ သတိထားမိပြီး အလေးအနက်ထား ဆောင်ရွက်နေကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပက်ထရစ်ရိုင်ဒါက နိုဝင်ဘာ ၂၆ ရက်မှာ ပြောကြားပါတယ်။
ရာ့ဖ် လေးကန်ဟိသ်၊ ရာ့ဖ် မစ်လ်ဒန်ဟောလ်နဲ့ ရာ့ဖ်ဖဲ့လ်တ် ဝဲလ် တော်ဝင်လေတပ်စခန်းတွေပေါ်နဲ့ အနီးတဝိုက်တွေမှာ နိုဝင်ဘာ ၂၀ ရက်ကနေ နိုဝင်ဘာ ၂၆ ရက်အထိ အသေးစား မောင်းသူမဲ့လေကြောင်းစနစ်တွေကို တွေ့ရှိခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုခဲ့ပြီး ရိုက်တာကိုလည်း အီးမေးလ်နဲ့ ဖြေကြား တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်လေတပ်ဟာ ဗြိတိန်ဆီကနေ အခြေစိုက်စခန်း ၃ ခုကို ငှားရမ်းထားတာဖြစ်ပြီး ဆပ်ဖဲ့ခ်မှာ ၂ ခုနဲ့ နော်ဖဲ့ခ်မှာ ၁ ခုရှိပါတယ်။
ဒရုန်း ကျူးရောက်ဝင်ရောက်မှုတွေဟာ စခန်းနေသူတွေ၊ အဆောက်အဦတွေနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို မထိခိုက်ခဲ့ဘူးလို့ တပ်ဆင်ရေးခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြောင်းလည်း ရိုက်ဒါက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒရုန်းအသေးစားတွေက သာမန်သုံးပုံစံတွေဖြစ်ပြီး ဒါတွေကို ဝါသနာရှင်တွေ ဒါမှမဟုတ် တခြားသူတွေကနေ ပို့လွှတ်သလား ဆိုတာကို ကောက်ချက်ချဖို့ စောသေးတယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ ဒရုန်းတွေဟာ ဝါသနာရှင်တွေရဲ့ လက်ရာနဲ့ မတူကြောင်းနဲ့ ညှိနှိုင်းလုပ်ဆောင်ကြပုံပေါ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတယောက်က ပြောကြားပေမဲ့လည်း ဒီကိစ္စကို အမေရိကန်စစ်တပ်က ဆက်လက် စုံစမ်းစစ်ဆေးသွားမယ် လို့လည်း ဆိုပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီဒရုန်းတွေဟာ ကာကွယ်ရေးနေရာတွေမှာ ဆိုးဆိုးရွားရွား လုပ်ဆောင်တာဖြစ်ပြီး သေသေချာချာကို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာလို့လည်း ပြောဆိုခဲ့ပါတယ်။
Source : Reuters