မုန်တိုင်း ဘတ် ကြောင့် ဗြိတိန်နဲ့ ဝေးလ်တို့ရှိ နေရာတချို့မှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး ရေကြီးမှုတွေကို ကာကွယ်ဖို့ ဒေသခံတွေက လမ်းတွေ၊ အိမ်တွေကနေ ရေတွေ ခပ်ထုတ်နေရပါတယ်။
ကာဒစ်မြို့နားက ပွန်တက်ပရိဒ်မှာရှိတဲ့ ဝေးလ်မြို့ငယ်လေးမှာ ရေးကြီးခဲ့သလို ရေမျက်နှာပြင် မြင့်တက်မှုကို ဒေသခံတွေက ကာကွယ်ခဲ့ကြတာပါ။
လုပ်အားပေးအဖွဲ့တွေကလည်း အိမ်တွေနဲ့ လမ်းတွေပေါ်မှာရှိတဲ့ ရေတွေကို ပုံးမျိုးစုံနဲ့ ခပ်ထုတ်ခဲ့ကြတာ တွေ့ရပါတယ်။
ရော့ရှိုင်းယားအနောက်ဘက် မြို့ငယ်လေးမှာလည်း ရေလျှံမှုတွေကို မီးသတ်ပိုက်တွေနဲ့ မြစ်ထဲကို ရေထုတ်မှုတွေလည်း ဆောင်ရွက်ခဲ့ကြပါတယ်။
ဘတ်မုန်တိုင်းကြောင့် နှင်းတွေ၊ မိုးတွေနဲ့ လေပြင်းတိုက်ခတ်မှုတွေ နိုဝင်ဘာ ၂၃ ရက်မှာ ဖြစ်ခဲ့ပြီး လူတယောက် သေဆုံးခဲ့ရပါတယ်။
အသက် ၆၀ အရွယ်ရှိ အမျိုးသားတယောက်ဟာ အင်္ဂလန်နိုင်ငံ တောင်ပိုင်းရှိ အဝေးပြေးလမ်းပေါ်မှာ ကားပေါ် သစ်ပင်ပိမှုကြောင့် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
မုန်တိုင်းသတိပေးချက်တွေကြောင့် မီးရထားလိုင်းတွေ၊ တံတားတွေ၊ လမ်းတွေ ပိတ်ထားခဲ့ရတာ တွေ့ရပါတယ်။
လေတိုက်ခတ်မှု၊ မိုးရွာမှု၊ နှင်းကျမှုနဲ့ ရေခဲမှုတွေကြောင့် ဗြိတိန်နိုင်ငံရဲ့ နေရာအများစုမှာ အဝါရောင်အဆင့် သတိပေးမှုတွေ မိုးလေဝသက ထုတ်ပြန်ထားပါတယ်။
Source : Reuters