အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်မှာ နိုဝင်ဘာ ၂၀ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ “ဗုံး ဆိုင်ကလုန်း” အမည်ရှိ အားပြင်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး အမေရိကန်အနောက်မြောက်ဒေသက နေအိမ်နဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၆ သိန်းလောက် လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။
ဗုံးဆိုင်ကလုန်းဟာ တနာရီ မိုင် ၅၀ နှုန်းနဲ့ တိုက်ခတ်ပြီး လေပြင်းအားက တနာရီ မိုင် ၇၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တာကြောင့် လူပေါင်းရာချီ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီး လမ်းတလျှောက်မှာ သစ်ပင်တွေနဲ့ ဓာတ်အားလိုင်းတွေဟာ ညလုံးပေါက် လဲပြိုပြတ်ကျခဲ့ကာ ဒေသခံတွေကို အိမ်ထဲမှာပဲနေကြဖို့ ဝါရှင်တန်အနောက်ပိုင်းရှိ စနိုးဟိုးမတ်ရှ်ဒေသ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက တိုက်တွန်းထားပါတယ်။
ဝါရှင်တန်အနောက်ပိုင်းရှိ ကျောင်းတွေကလည်း အတန်းတွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဆီယက်တဲလ်မြို့ မြောက်ပိုင်းရှိ လင်းန်ဝုဒ်မြို့ရှိ အိုးမဲ့အိမ်မဲ့ စခန်းတခုမှာ သစ်ပင်လဲကျမှုကြောင့် နိုဝင်ဘာ ၁၉ ရက်က အမျိုးသမီးတယောက် သေဆုံးခဲ့ကြောင်း ဒေသတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဆီယက်တဲလ်အနီးမှာပဲ နေအိမ်ပေါ် သစ်ပင်ပြိုကျမှုကြောင့် နောက်ထပ် ဒုတိယအမျိုးသမီးတယောက် သေဆုံးခဲ့ကြောင်း ဘဲလ်ဗျူးမြို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆီယက်တဲလ် အရှေ့တောင်ဘက်ရှိ မေပဲလ်ဗယ်လီမြို့မှာလည်း နောက်တွဲယာဉ်ပေါ် သစ်ပင်လဲကျမှုကြောင့် လူ ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
နေ့လယ်ပိုင်းလောက်မှာ ဒေသအနှံ့ လေပြင်းတွေ အင်အား တဖြည်းဖြည်း လျော့နည်းသွားရမှာ ဖြစ်ပေမဲ့ မုန်တိုင်းဟာ ကယ်လီဖိုးနီးယားကို ရွေ့လျားသွားပြီး သီတင်းပတ်ကုန်မှာ မိုးသည်းထန်စွာ ရွာချမယ့်ပုံ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ဝါရှင်တန်၊ အော်ရီဂွန် အနောက်တောင်ပိုင်းနဲ့ ကယ်လီဖိုးနီးယား မြောက်ပိုင်းရှိ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၆ သိန်းကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့သလို ဝါရှင်တန်ပြည်နယ်နဲ့ နယ်စပ်ချင်းကပ်နေတဲ့ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာ ပြည်နယ်မှာလည်း လေပြင်းတွေကြောင့် သစ်ပင်တွေလဲကျပြီး လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။
ဝင်ရိုးစွန်းဒေသမှ အေးတဲ့လေထုဟာ ပူနွေးတဲ့ အပူပိုင်းလေထုနဲ့ တိုက်မိပြီး ၂၄ နာရီအတောအတွင်း ခပ်မြန်မြန် အားကောင်းလာတာကြောင့် ဗုံးဆိုင်ကလုန်း မုန်တိုင်းဟာ လာမယ့်ရက်အနည်းငယ်အတွင်း ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ ရပ်တန့်သွားလိမ့်မယ်လို့လည်း ဆိုပါတယ်။
သောကြာနေ့မှာ အော်ရီဂွန် အနောက်တောင်ပိုင်းနဲ့ ကယ်လီဖိုးနီးယား မြောက်ပိုင်းတို့မှာ မိုးရေချိန် ၂၀ လက်မအထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောကြားပါတယ်။
Source : Reuters