အမေရိကန်ရွေးကောက်မှာ အနိုင်ရထားတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဘီလီယံနာ စီးပွားရေးသမား ဟောင်းဝက်ဒ် လတ်နစ်ခ်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။
ထရမ့်ပ်ရဲ့ ကြေညာချက်အရ ကန်တာ ဖစ်ဇ်ဂျရယ် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီစီအီးအို ဖြစ်တဲ့ လတ်နစ်ခ်က အကောက်ခွန်နဲ့ ကုန်သွယ်ရေး အစီအစဉ်တွေကို ဦးဆောင်ရမှာပါ။
ဒါ့အပြင် လတ်နစ်ခ်ဟာ ရာထူးအရ ပိုမြင့်တဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်ခဲ့သူတွေထဲမှာလည်း ပါဝင်ပါတယ်။
အမေရိကန် ကုန်သွယ်ရေးဌာနဟာ ဘဏ္ဍာရေးဌာနထက် သေးငယ်ပြီး ဝန်ထမ်းဦးရေ ၅၀,၀၀၀ လောက်သာ ရှိတာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့လည်း စီးပွားရေးနဲ့ အခွန်မူဝါဒလိုမျိုး ကိစ္စရပ်တွေမှာ အာဏာအပြည့်အဝရှိတဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာ ဘယ်သူဖြစ်လာမယ် ဆိုတာကိုတော့ ထရမ့်ပ်က မဆုံးဖြတ်ရသေးပါဘူး။
အဲဒီရာထူးအတွက် လတ်နစ်ခ်ဟာ သင့်လျော်တယ်လို့ အီလွန်မတ်စ်ခ်က ထောက်ခံခဲ့တဲ့အပြင် နောက်ထပ် ရွေးချယ်စရာဖြစ်တဲ့ စကော့တ် ဘတ်စ်ဆန့်တ် ကိုတော့ “သမားရိုးကျ စီပွားရေးဆန်လွန်းတယ်” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
တရုတ်နိုင်ငံဆီ နည်းပညာထုတ်ကုန်တွေ တင်ပို့မှု ကန့်သတ်တာမျိုးနဲ့ အမေရိကန် သံမဏိလုပ်ငန်းကို ကာကွယ်ဖို့ သွင်းကုန်ခွန်တိုးကောက်တာလိုမျိုး အမျိုးသားလုံခြုံရေးနဲ့ စီးပွားရေးအရ ထိပ်တိုက်တွေ့တဲ့ နယ်ပယ်တွေမှာ ဒီကုန်သွယ်ရေးဝန်ကြီးရာထူးက အခရာကျနေပါတယ်။
အမေရိကန်-တရုတ် ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ နည်းပညာစစ်ပွဲ အပါအဝင် စီးပွားရေးဆိုင်ရာ အချက်အလက်တွေ ထုတ်ပြန်တာ၊ သန်းခေါင်စာရင်း ကောက်ယူတာနဲ့ မူပိုင်ခွင့်ချပေးတာ စတဲ့ကဏ္ဍတွေမှာလည်း အဓိကတာဝန်ရှိပါတယ်။
ရင်းနှီးမြှုပ်နှံသူလည်းဖြစ်တဲ့ လတ်နစ်ခ် ကတော့ သူ့ကိုယ်သူ “အမာခံအရင်းရှင်” ဖြစ်ကြောင်း ဖော်ပြခဲ့သလို “ပြိုင်ဘက်တွေထက် သာလွန်အောင် ကြိုးပမ်းရမယ်ဆိုတဲ့” ထရမ့်ပ်ရဲ့ စီးပွားရေးမော်ဒယ်အပေါ်မှာလည်း ချီးကျူးခဲ့ပါတယ်။
ဒါ့အပြင် 9/11 တိုက်ခိုက်မှုဖြစ်ရပ်ကနေ လွတ်မြောက်ခဲ့ပြီးနောက် လတ်နစ်ခ်ကို လူသိများလာခဲ့ပါတယ်။
Source : Reuters