အမေရိကန်ထုတ် တာဝေးပစ်ဒုံးကျည် (ATACMS) တွေနဲ့ ယူကရိန်းက ရုရှားပိုင်နက်ထဲကို ပထမဆုံးအကြိမ် ပစ်ခတ်လိုက်တယ်လို့ သိရပါတယ်။
ဒါဟာ အမေရိကန်က သူတို့ထောက်ပံ့ပေးထားတဲ့ နည်းပညာမြင့် ဒုံးကျည်တွေကို အသုံးပြုခွင့် ပေးလိုက်ပြီးနောက် တရက်အကြာမှာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရုရှားအနောက်တောင်ပိုင်း ဘရိုင်ယန့်စ်ခ်ဒေသက လက်နက်သိုလှောင်ရုံတခုကို ထိမှန်ခဲ့တဲ့အပြင် ပေါက်ကွဲမှု ၁၂ ကြိမ်ပါ နောက်ဆက်တွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် အမေရိကန်နဲ့ ရုရှား တာဝန်ရှိသူတွေဟာ Atacms ဒုံးကျည်စနစ် အသုံးပြုမှုကို အတည်ပြုပေမဲ့လည်း ယူကရိန်းဘက်ကတော့ မှတ်ချက်ပေးခြင်း မရှိပါဘူး။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရော့ဗ်ကတော့ “အမေရိကန်စစ်ဘက် ကျွမ်းကျင်သူတွေရဲ့ စီစဉ်ပေးမှုအရ ဒုံးကျည်တွေကို ပစ်ခတ်ခဲ့တယ်လို့ နားလည်ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း” တုံ့ပြန်ခဲ့ပါတယ်။
“အမေရိကန်တွေ မပါဘဲနဲ့ အဆင့်မြင့်ဒုံးကျည်တွေကို သုံးဖို့ မဖြစ်နိုင်ဘူးဆိုတာ သမ္မတ ပူတင်အနေနဲ့ အကြိမ်ကြိမ် ပြောထားပြီးသားဖြစ်တယ်” လို့လည်း ဆိုပါတယ်။
G-20 အစည်းအဝေးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လာ့ဗ်ရော့ဗ်က “ဒါဟာ ရုရှားကို အနောက်နိုင်ငံတွေရဲ့ စစ်မျက်နှာသစ်ဖွင့်မှုအဖြစ် မှတ်ယူပြီး လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်ကြောင်း” ဖြည့်စွက်ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက် အစောပိုင်းမှာတော့ ရုရှားနျူးကလီးယားမူဝါဒ ပြင်ဆင်ပြောင်းလဲမှုအပေါ် မော်စကိုအနေနဲ့ အတည်ပြုခဲ့ပြီး ဘယ်လိုအခြေအနေတွေမှာ လက်နက်တိုက်ထဲက ထုတ်သုံးမယ် ဆိုတဲ့အချက်ကိုပါ ချမှတ်လိုက်ပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းအတွက် အကူအညီဆက်ပေးနေမှုကို တားဆီးနိုင်ဖို့အတွက် အခုလိုမျိုး ပူတင်က နျူးကလီးယားလက်နက်တွေနဲ့ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပူတင်ရဲ့ မူဝါဒသစ်ကို အိမ်ဖြူတော်က လျှော့တွက်ခဲ့ပြီး “ရုရှား နျူးကလီးယားဆိုင်ရာ ရပ်တည်ချက်မှာ ဘာအပြောင်းအလဲမှ မတွေ့ရဘူး” လို့ ဆိုပါတယ်။
ယူကရိန်းကတော့ ရုရှားသိမ်းပိုက်ထားတဲ့ သူ့ပိုင်နက်နယ်မြေတွေမှာ ATACMS ဒုံးကျည်တွေကို အသုံးပြုနေခဲ့တာ တနှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။
အဲဒီဒုံးကျည်စနစ်ဟာ ၁၈၆ မိုင်အကွာက ပစ်မှတ်တွေကို ထိမှန်နိုင်သလို ကြားဖြတ်ပစ်ချဖို့လည်း အတော်လေးခက်ခဲတယ်လို့ သိရပါတယ်။
Source : Reuters