တောင်ကိုးရီးယားနိုင်ငံ အရှေ့ပိုင်း ဝမ်ကျူးမြို့မှာ နှင်းတွေ ထူထူထပ်ထပ်ကျနေတဲ့ အဝေးပြေးလမ်းမကြီးမှာ ကားအစီးရေ ၅၃ စီးပါတဲ့ အစုလိုက်အပြုံလိုက် ယာဉ်တိုက်မှုကြောင့် လူ ၁၁ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ မီးသတ်ဌာနနဲ့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၅၀ လောက်မှာ ကားတွေ အစုလိုက် အပြုံလိုက် တိမ်းမှောက်မှုဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒဏ်ရာနည်းနည်းရထားတဲ့ လူ ၃ ယောက်ကို ဆေးရုံပို့ခဲ့ရပါတယ်။
အဝေးပြေးလမ်းမပေါ်မှာ အိမ်စီးကားတွေ၊ တွဲကားတွေနဲ့ ကုန်ကားတွေ၊ အစုအပြုံလိုက် ပုံနေတာကို ဂန်းဝန်း ပြည်နယ်မီးသတ်ဌာနချုပ်ကနေ ပံ့ပိုးပေးထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
ဟင်းဆောင်းမြို့နယ်ထဲမှာ ညလုံးပေါက် နှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေလို့ ပြိုကျခဲ့တဲ့ နှင်းဖုံး နွားတင်းကုပ်တခုရဲ့ ဓာတ်ပုံတွေကို မီးသတ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
နှင်းတွေဟာ ကြာသပတေးနေ့ မနက်အထိ တနာရီကို ၅ စင်တီမီတာအထိ ကျဆင်းနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်တုံ့ပြန်မှု အဆင့်ကို မြှင့်တင်ထားပြီး စိုစွတ်နေတဲ့ နှင်းတွေကြောင့် စိုထိုင်းဆများလာပြီး အဆောက်အအုံတွေနဲ့ ပစ္စည်းတွေ ပျက်စီးမယ့်အန္တရာယ် တိုးလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
Source : Reuters