ပလတ်စတစ်ညစ်ညမ်းမှု တားဆီးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို အာမခံဖို့ ရည်ရွယ်တဲ့ ပဉ္စမအကြိမ် ဆွေးနွေးပွဲအတွက် နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ကိုယ်စားလှယ်တွေ နိုဝင်ဘာ ၂၅ ရက်မှာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ စုဝေးခဲ့ကြပါတယ်။
သဘောထားကွဲလွဲမှုတွေကြောင့် နောက်ဆုံးသဘောတူညီချက်တရပ်ကို မျက်မှောက်ပြုနိုင်ခြင်း ရှိမရှိအပေါ် သံသယတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်ထဲကို နှစ်စဉ် ပလတ်စတစ်ဝင်ရောက်မှု ပမာဏဟာ ထူးထူးခြားခြား မစွက်ဖက်ရင် ၂၀၂၂ နဲ့ နှိုင်းယှဉ်ရင် ၂၀၄၀ ပြည့်နှစ်မှာ ၂ ဆနီးပါး ရှိလာမယ်လို့ မျှော်လင့်ရကြောင်း မျက်နှာစုံညီ အစည်းအဝေးမှာ အစိုးရညှိနှိုင်းရေးကော်မတီ (INC) ဥက္ကဋ္ဌ လူဝီစ်ဗာယာ ဗာဒါဗီးစိုက ပြောပါတယ်။
ဧပြီလတုန်းက အော့တဝါမြို့မှာ ကျင်းပခဲ့တဲ့ ပလတ်စတစ်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အရင်က တွေ့ဆုံဆွေးနွေးမှုတွေဟာ အမေရိကန် ရွေးကောက်ပွဲနဲ့အတူ မရေရာတဲ့ ပြဿနာတွေအတွက် အမေရိကန်ရဲ့ ရပ်တည်ချက်မပါဘဲ အဆုံးသတ်သွားတာပါ။
“သမိုင်းဝင်မှတ်တိုင်တခုလို့ ခေါ်ရဲတဲ့အရာကို အောင်မြင်ဖို့ ကျနော်တို့ ရည်မှန်းထားပါတယ်” လို့ ဗာဒါဗီးစိုက ပြောခဲ့ပါတယ်။
တချိန်တည်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Greenpeace က တက်ကြွလှုပ်ရှားသူ တွေက ဆွေးနွေးပွဲကျင်းပနေတဲ့ ဘူဆန် ကုန်စည်ပြပွဲနဲ့ ညီလာခံခန်းမ (BEXCO) နားမှာ ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေရဲ့ ပုံတူတွေပါတဲ့ ကြီးမားတဲ့ ‘မျက်လုံး’ ပုံ အလံရှေ့မှာ ပလတ်စတစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။
“ကမ္ဘာကြီးက ခင်ဗျားတို့ကို စောင့်ကြည့်နေတယ်ဆိုတာ အစိုးရတွေကို Greenpeace က သတိပေးနေတယ်” လို့ အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်လှုပ်ရှားမှု ဦးဆောင်သူ ဂရေဟမ် ဖို့ဘ်စ်က ပြောခဲ့ပါတယ်။
Source : Reuters