အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ကိုရီးယားဆိုင်ရာ ကိုယ်စားလှယ်ရုံးမှာ မြန်မာ နိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးသူ ၄ လအတွင်း ၁၀၀၀ နီးပါးရှိလာနေပြီး သက်တမ်းတိုးတာတွေကို ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ NUG ကိုယ်စားလှယ်ရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
တောင်ကိုရီးယားရောက် မြန်မာတွေထဲက နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူတွေကို စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ပတ်စပို့သက်တမ်းတိုးမပေးတဲ့အတွက် NUGရဲ့ ကိုယ်စားလှယ်ရုံးက ဖြေရှင်းပေးတဲ့အခါမှာ တောင်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ပတ်စပို့သက်တမ်းကုန်နေသူတွေကို လူသားချင်းစာနာမှုအရ ၂ နှစ်သက်တမ်းအထိ ဆက်ရှိဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်နေသူတွေနဲ့ နေထိုင်ခွင့်ဗီဇာ အခက်အခဲကြောင့် ကိုရီးယား လဝကရဲ့ ဖမ်းဆီးခံထားရသူတွေကို ကူညီဖြေရှင်းပေးနေတယ်လို့ အင်ချွန်းမြို့မှာရှိတဲ့ NUG ကိုယ်စားလှယ်ရုံးက အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
NUG ကိုယ်စားလှယ်ရုံးကနေတဆင့် ပတ်စ်ပို့သက်တမ်းတိုးတာတွေကို ပိုလုပ်လာခဲ့ရင် NUG အပေါ် တောင်ကိုရီးယားအစိုးရရဲ့ အာရုံစိုက်မှုနဲ့ အသိအမှတ်ပြုတာတွေကို ပိုရနိုင်တယ်လို့ NUG ကိုယ်စားလှယ်ရုံးမှာ ပတ်စပို့သက်တမ်းတိုးခဲ့သူတယောက်က ပြောပါတယ်။
NUG ကိုယ်စားလှယ်ရုံးအနေနဲ့ ပတ်စ်ပို့စာအုပ်အသစ် ထပ်လုပ်ပေးတာ မဟုတ်ဘဲ သက်တမ်းကုန်နေတဲ့ စာအုပ်မှာ ကိုယ်စားလှယ်ရုံးရဲ့ တံဆိပ်တုံးကို ထုပေးလိုက်တာဖြစ်ပြီး တံဆိပ်တုံးပါတဲ့ စာအုပ်နဲ့ ဗီဇာသက်တမ်းတိုးလို့ ရတယ်လို့ ဆိုပါတယ်။
NUG ကိုယ်စားလှယ်ရုံးမှာ ပတ်စပို့သက်တမ်းတိုးတဲ့အတွက် စစ်ကောင်စီသံရုံးက ခြိမ်းခြောက်တာ၊ မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေကို ထွက်ခွာခွင့်မရမှာကို စိုးရိမ်စိတ်မရှိဘူးလို့ NUG ကိုယ်စားလှယ်ရုံးမှာ ပတ်စပို့သက်တမ်းတိုးခဲ့သူက ပြောပါတယ်။
ဆိုးလ်မြို့က စစ်ကောင်စီရဲ့ မြန်မာနိုင်ငံသံရုံးကလည်း တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းတွေကို ဖောက်ဖျက်ရင် မြန်မာနိုင်ငံနဲ့ အိမ်ရှင်နိုင်ငံတွေရဲ့ ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံကူး လက်မှတ်တွေကို တရားမဝင် တံဆိပ်တုံးအတုတွေနဲ့ သက်တမ်းတိုးတာတွေကို လုပ်ဆောင်နေတဲ့အတွက် နိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းတာနဲ့ အမည်ပျက်စာရင်းသွင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
NUG အစိုးရက တောင်ကိုရီးယားနိုင်ငံမှာ ကိုယ်စားလှယ်ရုံးကို ၂၀၂၁ ခု အောက်တိုဘာ ၂ ရက်က ဖွင့်လှစ်ခဲ့ပြီး လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ ၅၀,၀၀၀ ကျော် ရောက်ရှိနေတယ်လို့ NUG ကိုယ်စားလှယ်ရုံးနဲ့ နီးစပ်သူဆီက သိရပါတယ်။
လင်းအိမ်