မြောက်ကိုရီးယားရဲ့ နျူကလီးယား အင်အားဖြည့်တင်းမှုကို အကြောင်းပြပြီး အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမ ဂင်မ်ယိုးဂျုံက ဝေဖန်ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ဟွာဆုန်း-၁၉ ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် သိပ်မကြာခင်မှာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ လေကြောင်းလေ့ကျင့်မှုနဲ့ ဒီနှစ်အတွင်း မဟာမိတ်တွေ လုပ်ဆောင်ခဲ့တဲ့ အကြိမ် ၂၀ ကျော် စစ်ရေးလေ့ကျင့်မှုတွေကို ဂင်မ်ယိုးဂျုံက နိုဝင်ဘာ ၅ ရက်နေ့က နိုင်ငံပိုင်မီဒီယာ KCNA ကနေ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယားရဲ့ ဟွာဆုန်း-၁၉ လို့ နာမည်ပေးထားတဲ့ လောင်စာဆီခဲ စွမ်းအင်သုံး တိုက်ချင်းပစ် ဧရာမ ပဲ့ထိန်းဒုံးကျည်ကြီးကို ပစ်လွှတ်ပြီးပြီးချင်း နာရီပိုင်းတွေ အကြာမှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်လေတပ်တွေဟာ အမြင့်ပျံ၊ အဝေးပျံ စွမ်းရည်မြင့်တဲ့ ဂလိုဘယ်ဟော့ခ် (The Global Hawk) နဲ့ ဿရိပါး (The Reaper) ဒရုန်းလေယာဉ်တွေ ပါဝင်တဲ့ ပထမဆုံး ပူးတွဲ တိုက်ရိုက်ပစ်ခတ်ရေး စစ်ရေးသင်ခန်းစာတွေကို လေ့ကျင့်မှုပြုလုပ်ခဲ့ကြပြီး GPS မှ လမ်းညွှန်ထားတဲ့ ရန်သူ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ တောင်ကိုရီးယားလေတပ်က ပြောကြားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်ဟာ ပစ်လွှတ်ခဲ့ဖူးသမျှ မြောက်ကိုရီးယား ဒုံးကျည်တွေထက် ပိုပြီးမြင့်မြင့်နဲ့ဝေးဝေး ပျံသန်းနိုင်ကြောင်း မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေက ပြောကြားပါတယ်။
Source: Reuters