တောင်ကိုရီးယားနိူင်ငံမှာ နိုင်ငံရေးယာယီခိုလူံခွင့် G1-99 ဗီဇာပြောင်းလဲထားတဲ့ မြန်မာနိူင်ငံသား ၅၀၀၀ ကျော်ရှိတယ်လို့ အဲဒီနိုင်ငံရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တောင်ကိုရီးယားအစိုးရက လုပ်သက်ပြည့်လို့ ပြန်မယ့်သူတွေ အန္တရာယ်ရှိနိုင်လို့ ၂၀၂၁ကတည်းက ဆက်လက်ယာယီနေထိုင်ခွင့်ရှိမယ့် G1-99 ဗီဇာကို မြန်မာနိုင်ငံသားတွေကို ထုတ်ပေးနေတာပါ။
လက်ရှိအချိန်အထိ G1-99 ဗီဇာရယူထားတဲ့ မြန်မာနိုင်ငံသား ၅၅၀၀ နီးပါးရှိသလို နေ့စဥ်ဗီဇာပြောင်းလဲလျှောက်ထားသူတွေလည်း ရှိနေတယ်လို့ တောင်ကိုရီးယားရှိ မြန်မာ့အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
တောင်ကိုရီးယားရောက် နွေဦးတော်လှန်ရေးမှာပါဝင်လှုပ်ရှားနေသူတယောက်က “စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမူမှာ ပါဝင်တဲ့သူတွေ အန္တရာယ်မဖြစ်ရအောင် ကိုရီးယားအစိုးရက G1 ဗီဇာထုတ်ပေးတာ၊ ဒါက သူတို့တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတာ။ ဒါကို အခွင့်အရေးယူအသုံးချတာမျိုး မဖြစ်ရအောင်တော့ သတိထားဖို့လိုမယ်” လို့ ပြောပါတယ်။
G1-99 ဗီဇာရယူထားတဲ့ မြန်မာနိုင်ငံသားတချို့အနေနဲ့ မြန်မာနိုင်ငံကို ပြန်သွားတာမျိုး၊ စည်းကမ်းမလိုက်နာတာမျိုးတွေကို ဆင်ခြင်ဖို့လိုတယ်လို့လည်း မြန်မာ့အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
တောင်ကိုရီးယားက မြန်မာ့အရေးလူပ်ရှားသူတယောက်က “ခုထိတော့ အဲ့အပေါ်မှာ ဘာမှ တင်းကျပ်မှု မရှိသေးပါဘူး။ ကကြီးအစိုးရအနေနဲ့ မြန်မာ့အရေးကို ထောက်ခံနေတယ်ဆိုတဲ့ အကြောင်းပြချက်ဖြစ်နေတော့ မတင်းကျပ်တာလည်းဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။
တောင်ကိုရီးယာရှိ စစ်ကောင်စီသံရုံးက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမူမှာ ပါဝင်နေသူတွေကို စောင့်ကြည့်မှတ်တမ်းယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးတာ၊ အမည်ပျက်စာရင်းသွင်းတာ၊ စစ်ကောင်စီဆီ အချက်အလက်ပေးပို့တာမျိုးတွေ ရှိနေတယ်လို့လည်း သူတို့က ပြောပါတယ်။
အဲဒီ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာကိုယ်စားလှယ်ရုံးက သက်တမ်းတိုးထောက်ခံစာထုတ်ပေးနေပြီး စစ်ကောင်စီသံရုံးက အဲဒီလုပ်ဆောင်ချက်အပေါ် ကန့်ကွက်ထားပါတယ်။