Home
ဆောင်းပါး
တောင်ကိုရီးယား ၆ နာရီ စစ်အုပ်ချုပ်ရေး
DVB
·
December 5, 2024

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုး စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ တကမ္ဘာလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။ သမ္မတယွန်းဟာ ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းမှာ ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို ၄ ရက်နေ့ မနက် ၄ နာရီခွဲမှာပဲ ပြန်ရုပ်သိမ်းလိုက်ပေးလိုက်ရပါတယ်။ လွှတ်တော်က စစ်အုပ်ချုပ်ရေး ရုပ်သိမ်းဖို့ မဲခွဲဆုံးဖြတ်အပြီးမှာ စစ်အုပ်ချုပ်ရေးဟာ ၆ နာရီဝန်းကျင်ပဲ တည်တံ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာရှရဲ့ အခိုင်မာဆုံး ဒီမိုကရေစီနိုင်ငံတွေထဲက တခုဖြစ်တဲ့ တောင်ကိုရီးယားအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိခဲ့ပါတယ်။ တောင်ကိုရီးယား ဝမ်ငွေ တန်ဖိုးဟာလည်း ထိုးကျသွားခဲ့ပါတယ်။ သမ္မတယွန်း ဘာကြောင့် ဒီလို ဆုံးဖြတ်ချက်ချခဲ့တာလဲ။ သူ့ကို စွပ်စွဲဖြုတ်ချတာမျိုး  ဖြစ်လာနိုင်သလား။ ဆက်လေ့လာကြည့်ရအောင်ပါ။

တောင်ကိုရီးယားကို တုန်လှုပ်စေခဲ့တဲ့ ကြေညာချက်

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက “မြောက်ကိုရီးယား ကွန်မြူနစ်တွေရဲ့ ခြိမ်းခြောက်မှုကနေ လွတ်လပ်တဲ့ ကိုရီးယားသမ္မတနိုင်ငံကို ကာကွယ်ဖို့၊ ကျနော်တို့ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်မှုကို လုယက်နေတဲ့ မြောက်ကိုရီးယား ထောက်ခံသူ နိုင်ငံတော်ဆန့်ကျင်ရေးသမားတွေကို သုတ်သင်ရှင်းလင်းဖို့နဲ့ လွတ်လပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ကာကွယ်ဖို့အတွက် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ ည တောင်ကိုရီးယားပြည်သူတွေ အိပ်ရာဝင်ချိန် သမ္မတယွန်းဆွတ်ခ်ယိုးက စစ်တပ်ကို အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းပေးအပ်တဲ့ မာရှယ်လော- စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

သမ္မတယွန်းက အတိုက်အခံ ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံတော်ဆန့်ကျင်ရေး လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြီး မြောက်ကိုရီးယားရဲ့ လွှမ်းမိုးမှုတွေ ရှိနေတယ်လို့တောင် ရိပ်ဖမ်းသံဖမ်း ပြောဆိုခဲ့ပါတယ်။ သက်သေအထောက်အထား မပြနိုင်တဲ့ ဒီစွပ်စွဲချက်တွေက ချက်ချင်းဆိုသလို ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီး တောင်ကိုရီးယားလွှတ်တော်က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ လက်နက်ကိုင် အစောင့်တွေကို ကျော်ဖြတ်ပြီး လွှတ်တော်အမတ်တွေက တညီတညွတ်တည်း စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ချခဲ့ကြပါတယ်။ အတိုက်အခံခေါင်းဆောင် လီဂျေမြောင်း တယောက် ခြံစည်းရိုးကျော်တက်ပြီး လွှတ်တော်ထဲ ဝင်ရောက်ပုံ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာပဲ သမ္မတယွန်း နောက်ပြန်ဆုတ်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ကြေညာပြီး စစ်ဦးစီးချုပ်များရုံးကလည်း အစိုးရအဆောက်အအုံတွေရှေ့က တပ်စွဲထားတဲ့ စစ်သားတွေကို ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ပြင်မရတဲ့ အမှားတွေကို ကျူးလွန်မိခဲ့ပြီး ဖြစ်ပါတယ်။

တောင်ကိုရီးယားအတိုက်အခံခေါင်းဆောင် လီဂျေမြောင်းက “တောင်ကိုရီးယား စီးပွားရေး ပြိုလဲတော့မှာပါ။ အခုကတည်းက ဆိုးရွားနေတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကလည်း ပိုဆိုးကုန်မှာပါ။ ညီအစ်ကိုမောင်နှမ ပြည်သူပြည်သားများ ခင်ဗျား... လွှတ်တော်ကို လာကြပါ။ ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး ပြိုလဲတော့မယ့် ဒီမိုကရေစီစနစ်ကို ကာကွယ်ကြပါစို့” လို့ ဖိတ်ခေါ်ခဲ့ပါတယ်။

သမ္မတယွန်း ဘာကြောင့် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာလဲ

သမ္မတယွန်းရဲ့ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ ကျဆင်းနေတဲ့ လူကြိုက်များမှုနဲ့ ဆက်စပ်နေနိုင်ပါတယ်။ သူ့အပေါ် ထောက်ခံမှုနှုန်းက ၂၀ ရာခိုင်နှုန်းအောက်ထိ ကျဆင်းနေပါတယ်။ သူ့အစိုးရလက်ထက်မှာ အဓိကအားဖြင့် သမ္မတကတော်နဲ့ပတ်သက်တဲ့ ကျင့်ဝတ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ အပါအဝင် အရှုပ်တော်ပုံတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သမ္မတယွန်းဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားတဲ့ လွှတ်တော်နဲ့ အဆင်မပြေမှုတွေကြောင့် စိတ်ပျက်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ သူ့ရဲ့ ဥပဒေပြုရေးအစီအစဉ်တွေ အကြိမ်ကြိမ်ပိတ်ဆို့ခံရပြီး အစိုးရ တာဝန်ရှိသူတွေကို စွပ်စွဲဖြုတ်ချဖို့ ကြိုးပမ်းမှုတွေကလည်း ကွဲပြားမှုတွေ ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။

ဒီမိုကရေစီ တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး

စစ်အုပ်ချုပ်ရေး ဆိုတဲ့ စကားလုံးဟာ တောင်ကိုရီးယားရဲ့ စစ်အာဏာရှင်ခေတ် မှောင်မိုက်တဲ့ကာလကို ပြန်အမှတ်ရစေပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ စစ်တပ်က အုပ်ချုပ်ရေးအာဏာကို ရယူပြီး အရပ်သားအစိုးရကို ရပ်ဆိုင်းကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တို့လို အခွင့်အရေးတွေကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ကြေညာချက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆန္ဒပြပွဲတွေကို တားမြစ်လိုက်ပေမဲ့ တုံ့ပြန်မှုက အလွန်မြန်ဆန်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက လွှတ်တော်အပြင်ဘက်မှာ စုဝေးပြီး “အာဏာရှင်စနစ်ကို ပြန်မသွားရ” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ လွှတ်တော်အမတ်တွေက ခြံစည်းရိုးတွေကို ကျော်တက်ပြီး အစည်းအဝေးကျင်းပ၊ သန်းခေါင်ယံအထိ ဆွေးနွေးပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

တောင်ကိုရီးယားလွှတ်တော် ဥက္ကဋ္ဌ ဝူဝန်ရှိတ်ခ်က “လွှတ်တော်အမတ် ၁၉၀ တက်ရောက်ပြီး ၁၉၀ စလုံးက အရေးပေါ် စစ်အုပ်ချုပ်ရေးဥပဒေကို ရုပ်သိမ်းဖို့ တောင်းဆိုကြောင်း အဆိုကို ထောက်ခံကြောင်း ကြေညာပါတယ်” လို့ ပြောပါတယ်။

လွှတ်တော်အမတ်များက သမ္မတယွန်းကို စွပ်စွဲဖြုတ်ချရန် လှုပ်ရှားမှု

တောင်ကိုရီးယား လွှတ်တော်အမတ်တွေဟာ သမ္မတကို စွပ်စွဲဖြုတ်ချဖို့ ဆောင်ရွက်နေကြပါပြီ။ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက သမ္မတ စွပ်စွဲဖြုတ်ချရေး  ပြင်ဆင်နေပြီး ယွန်းရဲ့ ပါတီတွင်းမှာတောင် သဘောကွဲလွဲနေကြပါတယ်။

တောင်ကိုရီးယားမှာ လက်ရှိသမ္မတကို စွပ်စွဲဖြုတ်ချတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်က သမ္မတ ပတ်ဂွမ်ဟေး အရေးပေါ် စွပ်စွဲဖြုတ်ချခံခဲ့ရဖူးပါတယ်။ တောင်ကိုရီးယားရဲ့ စွပ်စွဲဖြုတ်ချရေး လုပ်ငန်းစဉ်က ရှင်းလင်းပါတယ်။

ပထမအဆင့် -  လွှတ်တော်အမတ် ၃၀၀ ထဲက သုံးပုံ နှစ်ပုံ၊ အနည်းဆုံး အမတ် ၂၀၁ ဦးက စွပ်စွဲဖြုတ်ချဖို့ ထောက်ခံမဲပေးရပါမယ်။

ဒုတိယအဆင့် - အတည်ပြုပြီးရင် အဖွဲ့ဝင် ၉ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာ တရားခွင် ကျင်းပပါတယ်။

တတိယအဆင့် - တရားသူကြီး အနည်းဆုံး ၆ ဦးက စွပ်စွဲဖြုတ်ချဖို့ ထောက်ခံရင် သမ္မတကို ရာထူးကနေ ဖယ်ရှားပါတယ်။

ပတ်ဂွမ်ဟေး ကိစ္စမှာဆိုရင် လွှတ်တော်အမတ် ၂၃၄ ဦးက စွပ်စွဲဖြုတ်ချဖို့ ထောက်ခံခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အဲဒီအဆိုကို အတည်ပြုလိုက်တဲ့အတွက် သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာလည်း သမ္မတနိုမူးဟွန်းကို စွပ်စွဲဖြုတ်ချခဲ့ဖူးပါတယ်။ နှစ်လကြာ ရာထူးရပ်ဆိုင်းခံရပြီးနောက်မှာ ခုံရုံးက ပြန်လည်ခန့်အပ်ခဲ့ပါတယ်။

သမိုင်း သင်ခန်းစာများ

ဒီအကျပ်အတည်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ ခက်ခက်ခဲခဲ ခရီးနှင်ခဲ့ရတာကို သတိရစေပါတယ်။ နိုင်ငံမှာ စစ်အုပ်ချုပ်ရေး နောက်ဆုံးကြေညာခဲ့တာက ၁၉၈၀ ပြည့်နှစ်၊ ဒီမိုကရေစီလိုလားသူတွေရဲ့  ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းစဉ်က ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ဒီမိုကရေစီစနစ်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေဆိုတဲ့ အခြေခံမူတွေအပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့က အဖြစ်အပျက်တွေဟာ နောက်ကြောင်းပြန်သွားမှာကို စိုးရိမ်ပူပန်မှုတွေ ပြန်လည်ပေါ်ပေါက်လာစေခဲ့ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေရဲ့  ခိုင်မာအားကောင်းမှုကိုလည်း ပြသနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားဟာ အခုဆိုရင် အရေးပါတဲ့ အချိန်ကာလတခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။  သမ္မတယွန်းဟာ ဖြုတ်ချခံရမလား၊ ကိုယ်တိုင်ဆင်းမလား ဆိုတဲ့ အခြေအနေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ၊ ဒီ ၆ နာရီကြာ စစ်အုပ်ချုပ်ရေးဟာ တောင်ကိုရီးယားရဲ့ ဒီမိုကရေစီသမိုင်းမှာ မမေ့နိုင်တဲ့ အမှတ်တရတခုအဖြစ် ကျန်ရစ်မှာ ဖြစ်ပါတယ်။

စိုင်းခေတ်နွေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024