Home
နိုင်ငံတကာ
စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတ ဖြုတ်ချခံရဖွယ်ရှိ
DVB
·
December 4, 2024
Photo: The Presidential Office/Handout via REUTERS

ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ပြန်လည်ရုပ်သိမ်းပေးခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ရာထူးကန ဖယ်ရှားဖို့အတွက် လွှတ်တော်မှာ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချဖို့ စီစဉ်နေကြပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

တောင်ကိုရီးယားရဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂကလည်း သမ္မတ ချက်ချင်းဆင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဟာ ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို ၄ ရက်နေ့ မနက်မှာပဲ ပြန်လည်ရုပ်သိမ်းလိုက်ပေးလိုက်ရပါတယ်။ လွှတ်တော်က စစ်အုပ်ချုပ်ရေးရုပ်သိမ်းဖို့ မဲခွဲဆုံးဖြတ်ခဲ့လို့ ဖြစ်ပါတယ်။

သမ္မတရဲ့ အစိုးရအဖွဲ့က မနက် ၄ နာရီခွဲမှာ စစ်အုပ်ချုပ်ရေးရုပ်သိမ်းဖို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေး စတင်ကြေညာပြီး ၆ နာရီခန့်အကြာမှာပဲ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

စစ်ဦးစီးချုပ်များရုံးက စစ်အုပ်ချုပ်ရေးအတွက် စေလွှတ်ထားတဲ့ တပ်ဖွဲ့ဝင်တွေအားလုံး တပ်စခန်းတွေဆီ ပြန်လည်ရောက်ရှိပြီလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သမ္မတ ယွန်းက “မနေ့ည ၁၁ နာရီမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာဟာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့လုပ်ငန်းတွေကို ရပ်တန့်အောင် လုပ်နေတဲ့ နိုင်ငံတော်ဆန့်ကျင်ရေး အင်အားစုတွေကနေ ကယ်တင်ဖို့အတွက် ခိုင်မာတဲ့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ” လို့ ပြောပါတယ်။

“ဒါပေမဲ့ လွှတ်တော်က စစ်အုပ်ချုပ်ရေး ရုပ်သိမ်းဖို့ တောင်းဆိုလာတဲ့အတွက် စစ်တပ်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပါပြီ” လို့ ကြေညာပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ၂၀၂၂ ခုနှစ်ကတည်းက အာဏာရလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူ့အာဏာပါတီဟာ လွှတ်တော်မှာ အမတ်နေရာ လုံလောက်တဲ့ အများစု မရှိတဲ့အတွက် လွှတ်တော်ထဲမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက လွှမ်းမိုးနေပါတယ်။

သမ္မတအပေါ် လူထုထောက်ခံမှုက အနိမ့်ဆုံးရောက်နေသလို ဇနီးသည် အပါအဝင် အဓိကတာဝန်ရှိိသူတွေကို အဂတိမှုနဲ့ စုံစမ်းစစ်ဆေးဖို့ ဖိအားပေးခံနေရချိန်မှာ ခုလိုမျိုး မာရှယ်လော ကြေညာခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ဒီဇင်ဘာ ၃ ရက်ညမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးတဲ့နောက် စစ်တပ်က လွှတ်တော်ထဲကို ခဏဝင်ဖို့ စပြီး ကြိုးစားခဲ့ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက အခုထိ နိုင်ငံရဲ့ ဒီမိုကရေစီကို အဆိုးရွားဆုံး စိန်ခေါ်ချက်အဖြစ် လွှတ်တော်အမတ်တွေနဲ့ ဆန္ဒပြသူတွေက အမြန်ဆန့်ကျင်ခဲ့ပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ယိုးက စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက်မှာ တောင်ကိုရီးယား ဆန္ဒပြသူတွေဟာ အမျိုးသားလွှတ်တော် အပြင်ဘက်မှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ပါလီမန်ဥက္ကဋ္ဌက စစ်အုပ်ချုပ်ရေးကြေညာမှု တရားမဝင်ဘူးလို့ ကြေညာခဲ့ပြီး ဒီဇင်ဘာ ၄ ရက် အစောပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေက စစ်အုပ်ချုပ်ရေးကို ပယ်ချဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

အတိုက်အခံပါတီက လွှတ်တော်လုပ်ငန်းစဉ်တွေကို အဓမ္မနည်းနဲ့ ဟန့်တားနေပြီး တိုင်းပြည်ကို အကျပ်အတည်းထဲ တွန်းပို့နေတယ်လို့ စွပ်စွဲထားပါတယ်။

သူ့ရဲ့ နိုင်ငံရေးရန်ဘက်တွေကို ရည်ရွယ်တဲ့ ယွန်းရဲ့ လှုပ်ရှားမှုကို လွှတ်တော်ထဲမှာ မဲခွဲဖို့ ရောက်နေတဲ့ သူ့ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းကပါ အော်ကြီးဟစ်ကျယ် ဆန့်ကျင်ခဲ့ပါတယ်။

မကြာသေးမီက အရှုပ်တော်ပုံတွေကို သမ္မတရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ယွန်းနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့အထိ ဆန့်ကျင်ခဲ့သူလည်း ဖြစ်ပါတယ်။

အစောပိုင်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ချမှတ်ထားပုံရပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားထဲမှာ သံခမောက်ဆောင်းထားတဲ့ တပ်ဖွဲ့ဝင်တွေက စုပေါင်းရုံး အဆောက်အဦ ထဲကို ဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

လွှတ်တော်လက်ထောက်တွေက စစ်သားတွေကို မီးသတ်ဆေးဘူးတွေ ဖျန်းခြင်းအားဖြင့် တွန်းထုတ်ဖို့ ကြိုးစားနေတာကို မြင်ခဲ့ရပါတယ်။

လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ လူတွေစုဝေးကြပြီး တချို့က “အရေးပေါ် စစ်အုပ်ချုပ်ရေးဥပဒေကို ရုပ်သိမ်းပါ!” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013