Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတ စစ်အုပ်ချုပ်ရေးကြေညာ၊ လွှတ်တော်က ပယ်ချ
DVB
·
December 4, 2024
President of South Korea_03122044

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုး က ဒီဇင်ဘာ ၃ ရက် အင်္ဂါနေ့မှာ တိုင်းပြည်ကို ရုပ်သံမိန့်ခွန်းပြောပြီး ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပေမဲ့ လွှတ်တော်ကတော့ ဒီကြေညာချက်ကို ပယ်ချလိုက်ပါတယ်။

မိန့်ခွန်းပြောပြီးချိန်မှာ လွှတ်တော်အဆောက်အအုံကို စစ်တပ်ကပိတ်ဆို့ထားပြီး စစ်အုပ်ချုပ်ရေးအရ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှု အားလုံးကိုပိတ်ပင်လိုက်သလို ဆေးဝန်ထမ်းအားလုံး၊ အထူးသဖြင့် လေ့ကျင့်ဆဲ ဆရာဝန်တွေဟာ ၄၈ နာရီအတွင်း အလုပ်ခွင်ပြန်လည်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ 

ပြီးတော့ သတင်းမီဒီယာနဲ့ ပုံနှိပ်တိုက်အားလုံးကို စစ်အုပ်ချုပ်ရေးအဖွဲ့က တိုက်ရိုက်ထိန်းချုပ်သွားမှာ ဖြစ်ပြီး စစ်အုပ်ချုပ်ရေးစည်းမျဉ်းတွေကို ချိုးဖောက်ရင် ဝရမ်းမပါဘဲ ဖမ်းဆီးခံရနိုင်ပါတယ်။ 

အတိုက်အခံ ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်နေတယ်၊ မြောက်ကိုရီးယားကို ထောက်ခံတဲ့အင်အားစုတွေကို နှိမ်နင်းဖို့လိုတယ်လို့ သမ္မတက စွပ်စွဲခဲ့ပါတယ်။

ဒီလိုစစ်အုပ်ချုပ်ရေး မကြေညာလို့ မဖြစ်တော့တဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ သမ္မတက အကြောင်းပြသလို အတိုက်အခံပါတီက လွှတ်တော်လုပ်ငန်းစဉ်တွေကို အဓမ္မနည်းနဲ့ ဟန့်တားနေပြီး တိုင်းပြည်ကို အကျပ်အတည်းထဲ တွန်းပို့နေတယ်လို့ စွပ်စွဲထားပါတယ်။

အတိုက်အခံခေါင်းဆောင် လီဂျေမြောင်းကတော့ ဒီလို စစ်အုပ်ချုပ်ရေး ကြေညာတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။ 

သူက တိုင်းပြည်မှာ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ လက်နက်ကိုင် စစ်သားတွေက အုပ်ချုပ်တော့မယ့် အန္တရာယ်ရှိတယ်လို့သတိပေးပြီး ပြည်သူတွေကိုလည်း လွှတ်တော်ဆီ လာရောက်ဖို့ တိုက်တွန်းထားပါတယ်။ 

အဲဒီနောက် လွှတ်တော်ဥက္ကဋ္ဌကလည်း အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး သမ္မတရဲ့ကြေညာချက်ကိုမဲခွဲပြီးနောက် တရားမဝင်ဘူးလို့ ဆုံးဖြတ်ပယ်ချခဲ့ပါတယ်။

သမ္မတ ယွန်းဆွတ်ယိုလ်ဟာ ၂၀၂၂ ခုနှစ်ကတည်းက အာဏာရလာတာဖြစ်ပြီး ပြည်သူ့အာဏာပါတီဟာ လွှတ်တော်မှာအမတ်နေရာ လုံလောက်တဲ့ အများစုမရှိတဲ့အတွက် လွှတ်တော်ထဲမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက လွှမ်းမိုးနေပါတယ်။

နောက်နှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းကို အတိုက်အခံပါတီက ပယ်ချလိုက်ပါတယ်။ သမ္မတက ဒါဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့ ဘတ်ဂျက်တွေကို ဖြတ်တောက်လိုက်တာလို့ စွပ်စွဲပါတယ်။

သမ္မတရဲ့ ဇနီးသည်နဲ့ အဆင့်မြင့်အရာရှိတွေပါတဲ့ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးကို သမ္မတက ငြင်းဆန်နေပါတယ်။ 

ဒါဟာ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စစ်အုပ်ချုပ်ရေး ကြေညာတာ ဖြစ်ပါတယ်။ ဒီသတင်းကြောင့် တောင်ကိုရီးယား ဝမ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းသွားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပါတယ်။

တောင်ကိုရီးယားမှာ အခြေစိုက်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ကျော်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက တုံ့ပြန်မှု တစုံတရာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013