ကင်ညာ အထက်လွှတ်တော်ဟာ ဒုတိယသမ္မတ ရီဂါသီ ဂါချာဂွါကို ရာထူးကနေ ထုတ်ပယ်ဖို့အတွက် အောက်တိုဘာ ၁၇ ရက်မှာ စွပ်စွဲပြစ်တင်ချက် ၁၁ ချက်ထဲက ၅ ချက်ကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
ဂါချာဂွါကို စွပ်စွဲပြစ်တင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဂါချာဂွါကို ဖြုတ်ချဖို့ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု” အတွက် ပထမအကြိမ် မဲပေးမှုမှာ အထက်လွှတ်တော်အမတ် ၆၇ ယောက်ထဲက ၅၄ ယောက်က မဲပေးခဲ့ကြပြီး ဥပဒေအရ လိုအပ်တဲ့ အများစု ၃ ပုံ ၂ ပုံထက် ကျော်လွန်နေတာကြောင့် စွပ်စွဲပြစ်တင်မှုနဲ့ ရာထူးက ဖယ်ရှားခံရတဲ့ ပထမဆုံး ကင်ညာဒုတိယသမ္မတ ဖြစ်လာပါတယ်။
စွပ်စွဲပြစ်တင်ခြင်း လုပ်ငန်းစဉ်ဟာ လိမ်ညာမှုကို အခြေခံတဲ့ နိုင်ငံရေးအရ ဆဲဆိုခြင်းပဲလို့ ခေါ်ဆိုတဲ့ ဂါချာဂွါကို ပါလီမန်အမတ် မွမ်ဂီ မူတူဆေးက လူမျိုးရေး အမုန်းပွားအောင် လှုံ့ဆော်တယ်လို့ စွပ်စွဲထားပြီးတော့ ဂါချာဂွါကလည်း ဗုဒ္ဓဟူးနေ့မှာ ဒီစွပ်စွဲချက်တွေကို တုံ့ပြန်ဖို့ စီစဉ်ထားပါတယ်။
ဂါချာဂွါဟာ ဒုသမ္မတရာထူး လက်မခံခင်က ပိုင်ဆိုင်မှု အသားတင်တန်ဖိုး ဒေါ်လာ ၆ သန်းလောက်သာ ရှိကြောင်း သတင်းပို့ခဲ့ပေမဲ့လည်း ဒုတိယသမ္မတ ဖြစ်လာပြီးကတည်းက ဒေါ်လာသန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေကို ရယူခဲ့တယ်လို့လည်း မူတူဆေးက စွပ်စွဲထားပါတယ်။
ဂါချာဂွါရဲ့ ဥပဒေအဖွဲ့က အဖွဲ့ဝင် အဲလိရှာ အွန်ဂိုယာက ဒီစွပ်စွဲချက်တွေဟာ သက်သေအထောက်အထားတွေ ကင်းမဲ့ပြီး ထင်ကြေးတွေအပေါ် အခြေခံထားတာလို့ ပြောကြားခဲ့ပါတယ်။
ဒုသမ္မတ ဂါချာဂွါဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရွေးကောက်ပွဲမှာ သမ္မတ ဝီလျံရူတို အနိုင်ရအောင် ကူညီပေးခဲ့သူဖြစ်ပေမဲ့ သမ္မတရဲ့ မဟာမိတ်တွေက သစ္စာမဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပြည်သူလူထုရဲ့ ဒေါသလွန်ကဲတဲ့ မှတ်ချက်စကားတွေ ဆက်တိုက်ပြောဆိုမှုတွေနဲ့ တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။
ကင်ညာနိုင်ငံသား အများအပြားဟာ စွပ်စွဲပြစ်တင်တဲ့ လုပ်ငန်းစဉ်ကို နိုင်ငံရေးအရ လှုံ့ဆော်မှုအဖြစ် ရှုမြင်ကြပါတယ်။
ဇွန်လနဲ့ ဇူလိုင်လတွေမှာ လူအသေအပျောက်များတဲ့ အခွန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အပြီးမှာ အစိုးရရဲ့ မူဝါဒတွေနဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေအပေါ် မကျေမနပ်ဖြစ်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
Source-Reuters