ကင်ညာနိုင်ငံသူ ရုတ် ချပ်ငယ်တစ်ချ်ဟာ အောက်တိုဘာ ၁၃ ရက်က ကျင်းပခဲ့တဲ့ ချီကာဂို မာရသွန်အပြေးပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်သစ်နဲ့အတူ အနိုင်ရရှိသွားပါတယ်။
အသက် ၃၀ အရွယ် ကင်ညာအပြေးမယ်က ၂ နာရီ၊ ၉ မိနစ်၊ ၅၇ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့တဲ့အတွက် အီသီယိုးပီးယားနိုင်ငံသူ တစ္စ အာဆီဖာရဲ့ စံချိန်ကို ၂ မိနစ်နီးပါး အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။
အာဆီဖာဟာ ၂၀၂၃ ဘာလင်ပြိုင်ပွဲတုန်းက ကမ္ဘာ့စံချိန်ဟောင်းကို ၂ နာရီ၊ ၁၁ မိနစ်၊ ၅၃ စက္ကန့်နဲ့ ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ချပ်ငယ်တစ်ချ်က ၂ နာရီနဲ့ ၁၀ မိနစ်မပြည့်ခင် မာရသွန်ပြိုင်ပွဲတခုကို အဆုံးသတ်နိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးအပြေးသမား ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၆ နှစ်တာအတွင်း အမျိုးသမီးအပြေးမယ်တွေရဲ့ အမြန်ဆုံးမာရသွန်စံချိန် ၅ ခုထဲက ၄ ခုကို ချီကာဂို ပြေးလမ်းပေါ်မှာ ရရှိခဲ့ကြတာပါ။
အမျိုးသားပြိုင်ပွဲမှာလည်း နောက်ထပ် ကင်ညာနိုင်ငံသားဖြစ်သူ ဂျွန်ကိုရီက ၂ နာရီ၊ ၂ မိနစ်၊ ၄၄ စက္ကန့်နဲ့ ပန်းဝင်ကာ လက်ရှိကမ္ဘာ့စံချိန်ရှင် ကယ်လ်ဗင် ကစ်ပ်တွန်ကို ဂုဏ်ပြုသွားပါတယ်။
မနှစ်က ချီကာဂို မာရသွန်မှာ ချန်ပီယံဖြစ်ခဲ့ပြီး အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ကစ်ပ်တွန်ဟာ ၂ နာရီ၊ ၃၅ စက္ကန့်တည်းနဲ့ အမျိုးသားကမ္ဘာ့စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။
အဲဒီနောက် ၄ လအကြာမှာပဲ ကားမတော်တဆမှုတခုအတွင်း ကစ်ပ်တွန် ကွယ်လွန်သွားခဲ့ပါတယ်။
Source-Reuters