ကင်ညာသမ္မတ ဝီလျံ ရူတိုဟာ နိုင်ငံတဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ဇူလိုင် ၁၁ ရက်က နိုင်ငံခြားရေးဝန်ကြီးကလွဲပြီး သူ့ရဲ့အစိုးရအဖွဲ့တခုလုံးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
အရှေ့အာဖရိကနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားတဲ့ အခွင့်အာဏာတွေနဲ့ ရှေ့နေချုပ်ရုံး ဥပဒေတွေအရ ကင်ညာ နိုင်ငံခြားရေးနဲ့ ရွှေ့ပြောင်းနေထိုင်မှုရေးရာ ဝန်ကြီးကလွဲရင် ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းဝန်တွေနဲ့ ရှေ့နေချုပ် အပါအဝင် အားလုံးကို ချက်ချင်းထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ရုပ်မြင်သံကြားမိန့်ခွန်းမှာ ရူတိုက ပြောကြားခဲ့ပြီး ဒါဟာ ဒုတိယသမ္မတရဲ့ ရုံးခန်းကို ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
“လတ်တလော ဖြစ်ရပ်တွေကြောင့် ဘဏ္ဍာရေးဥပဒေကြမ်းကို ရုပ်သိမ်းဖို့ မဖြစ်မနေ လိုအပ်ခဲ့ပြီး ကျနော်တို့ရဲ့ ဘတ်ဂျက်နဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ပြန်သုံးသပ်ပြီးတော့ အစိုးရအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်ကြောင်းနဲ့ ဒီအကြောင်းတွေကပဲ အပြောင်းအလဲလုပ်ဖို့ ဖြစ်သွားတာ” လို့ သမ္မတ ရူတိုက ပြောပါတယ်။
အမြင်ကျယ်ကျယ် ဆောင်ရွက်နိုင်မယ့် အစိုးရတရပ်ကို ထူထောင်ဖို့ ရည်ရွယ်ထားပြီး အစိုးရပိုင်းနဲ့ ပုဂ္ဂလိကပိုင်းတွေမှာ မတူကွဲပြားတဲ့ ကဏ္ဍတွေ၊ နိုင်ငံရေးဖွဲ့စည်းပုံတွေနဲ့ တခြား ကင်ညာနိုင်ငံသားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုတွေ ချက်ချင်းလုပ်ဆောင်မယ်လို့ ဆိုပါတယ်။
ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မဖြစ်မနေ၊ အရေးတကြီး လုပ်ဆောင်ရမယ့် အစီအမံတွေနဲ့ ရှိထားပြီးသား အစီအစဉ်တွေကို နောက်မဆုတ်တမ်း အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ပြည်တွင်းသယံဇာတတွေနဲ့ ဝင်ငွေတွေကို မြှင့်တင်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးချဲ့ရေး၊ အစိုးရဌာနတွေ များပြားလာနဲ့အမျှ မလိုအပ်ဘဲ များပြားနေတဲ့ အလေအလွင့်များ ပပျောက်ရေး၊ အဂတိလိုက်စားမှုကို နှိမ်နင်းပြီးတော့ အကျိုးရှိပြီး ထိရောက်တဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ ချွေတာရေး ကင်ညာအစိုးရကို ဖန်တီးမယ်လို့လည်း ဆိုပါတယ်။
သမ္မတ ရူတိုကို ရာထူးစွန့်ဖို့အထိ တွန်းအားပေးခဲ့တဲ့ အခွန်တိုးမြှင့်ရေး အစီအစဉ်တွေကနေ စတင်လိုက်တဲ့ လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ သူ့ရဲ့ သမ္မတသက်တမ်း ၂ နှစ်တာကာလအတွင်း အကြီးမားဆုံး အကျပ်အတည်းကို ဖန်တီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ပြီး ဆန္ဒပြသူတချို့ဟာ ပြီးခဲ့တဲ့လက လွှတ်တော်ကို ခေတ္တခဏ ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။
Source-Reuters