ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေတိုက်ခိုက်ထိန်းချုပ်ထားတဲ့ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူ မြို့နယ် ၃ မြို့နယ်ကို စစ်ကောင်စီက မတ်လ ၄ ရက်မှာ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန် ကြေညာခဲ့ပါတယ်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကို ဒီမြို့နယ် သုံးခုထဲက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေ ၄၁၉ အရ အပ်နှင်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီမြို့နယ် သုံးခုမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်းတချို့ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းယူထားတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်နဲ့ မဘိမ်းမြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) မြို့တွေအဖြစ် ကြေညာခဲ့ပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာ ၈ မြို့နယ်၊ ၂၀၂၃ ခုနှစ်မှာ ၄၈ မြို့နယ်နဲ့ အခု ၂၀၂၄ မတ်လ ၄ ရက်နေ့ထိ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်တွေအရ အဲဒီမြို့နယ်တွေမှာ နေထိုင်သူ ၈ ဒသမ ၂ သန်းကျော် ရှိပါတယ်။
Photo Credit- Data for Myanmar