စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းတဲရွာမှာ အထိုင်ချပြီး အနီးဝန်းကျင်ရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်ကို မတ်လ ၃ ရက် ညနေပိုင်းက ဒရုန်းသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်တွေဟာ ဆုံကုန်းရွာကို ၂ ကြိမ်မီးရှို့ပြီး မင်တဲရွာမှာ အထိုင်ချနေတာလို့ သိရပါတယ်။
နင်ဂျာအဖွဲ့ခေါင်းဆောင်က “သူတို့နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲမဖြစ်အောင် ကျနော်တို့ဘက်က အမြဲတမ်း ရှောင်တယ်ဗျ။ ကြောက်လို့တော့မဟုတ်ဘူး။ ပြည်သူနစ်နာမှုတွေဖြစ်မှာ မလိုလားလို့ ရှောင်နေရတာပါ။ အခုလို အကြောင်းမဲ့ ဆုံကုန်းရွာကို မီးရှို့တော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ အဲဒါကြောင့် ဒရုန်းအသုံးပြုပြီး ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တယ်။ သူတို့ မင်းတဲရွာအရှေ့ဘက်ဇရပ်မှာ တပ်စုပြီး အစည်းအဝေးလုပ်နေတဲ့အချိန်ကို သွားချခဲ့တာပါ။ အသေအဆုံးကတော့ ၃ ဦးရှိတယ်လို့ ရွာသားတွေဆီက သိထားရတယ်ဗျ။ ဒဏ်ရာအထိအခိုက်လည်း များတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီနဲ့ မတ်လ ၂ လအတွင်း အဆိုပါစစ်ကြောင်း ၂ ကြောင်းက ဘုတလင်မြို့နယ်အတွင်းက ကွမ်းခြံရွာ၊ မြို့ပေါ်ရွာ၊ ဇီးတောရွာနဲ့ မုံရွာမြို့နယ်အတွင်းက ကြီးဗဒုံရွာ၊ ကြိုးကြာကန်ရွာ၊ ဆုံကုန်းရွာ၊ ဘူးထောင့်ကန်ရွာ၊ ကံပြားရွာ၊ ပေကုန်းရွာ၊ ခိုးသန်းရွာနဲ့ တဲကြီးကုန်းရွာ စတဲ့ကျေးရွာတွေကို မီးရှို့သွားတယ်လို့ သိရပါတယ်။