Home
မြန်မာသတင်း
မြန်မာစစ်တပ် အကြမ်းဖက်မှုများ အမြန်ရပ်ရန်  အရှေ့တီမောဝန်ကြီးချုပ် တောင်းဆို
DVB
·
March 4, 2024
Myanmar Peoples'Summit_04032024

အရှေ့တီမောနိုင်ငံဝန်ကြီးချုပ် ဇာနာနာဂုစ်မာအိုက မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ‌ရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ-ဩစတြေးလျခေါင်းဆောင်များ အစည်းအဝေးအတွက် တီမောလက်စတီနိုင်ငံဝန်ကြီးချုပ် ဇာနာနာ ဂုစ်မာအိုနဲ့ သြစတြေးလျဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့ အပါအဝင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ CRPH/NUG Support Group တာဝန်ရှိသူတွေက မြန်မာနိုင်ငံ ပြည်သူ့ထိပ်သီး အစည်းအဝေးမှာ ပြောကြားခဲ့ကြပါတယ်။

အရပ်သားနဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးကို အခိုင်အမာ ထောက်ခံတဲ့ ပြည်ထောင်စုလှုပ်ရှားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးဖို့ မြန်မာ ကမ်ပိန်း ကွန်ရက်ကတဆင့် ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် ဇာနာနာ ဂုစ်မာအိုက “စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တောင်းဆိုထားတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုလည်း တီမောလက်စတေက ထောက်ခံပါတယ်။ လာအိုမှာ ဒီနှစ်ဇန်နဝါရီမှာ လုပ်သွားတဲ့ အာဆီယံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ် တက်ရောက်တာကိုလည်း  ငြိမ်းချမ်းစွာ ဖြေရှင်းရေးဆီ ဦးတည်ပြီး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ဆန္ဒကို ပြသတာလို့ မှတ်ယူပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကာလအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ပူပန်မိပါတယ်။  မြန်မာစစ်အစိုးရက နိုင်ငံရေးပါတီအချို့ ဖျက်သိမ်းဖို့၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်တာတွေနဲ့ ပတ်သက်လို့  ပူပန်မိပါတယ်။ ဒါကြောင့် ဒီမိုကရက်တစ် မူဝါဒတွေ၊ ဒီမိုကရေစီနည်းကျ လွတ်လပ်မှုတွေကို လေးစားလိုက်နာဖို့ တီမောလက်စတေ ပြည်သူတွေကိုယ်စား စစ်အစိုးရကို မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။

အာဆီယံ-ဩစတြေးလျ ဆက်ဆံရေး နှစ် ၅၀ ပြည့် ထိပ်သီးအစည်းအဝေးကိုလည်း မတ်လ ၄ ရက်ကနေ ၆ ရက်အထိ ဩစတြေးလျနိုင်ငံ မဲဘုန်းမြို့က ကွန်ဗန်းရှင်းစင်တာမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ပြုလုပ်နေပါတယ်။ အဲဒီမှာ ဩစတြေးလျရောက် မြန်မာတိုင်းရင်းသားတွေက စင်တာရှေ့မှာ စုရုံး ဆန္ဒပြခဲ့ကြတာပါ။

စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေပြီး အရပ်သားပြည်သူတွေကို အကြမ်းဖက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ မဖိတ်ကြားဖို့ ဒီအစည်းအဝေးမှာ တိုက်တွန်းခဲ့ပြိး ထိပ်သီးအစည်းအဝေးမတိုင်ခင်ကတည်းက ဩစတြေးလျအစိုးရကို ဩစတြေးလျရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ မြန်မာတိုင်းရင်းသားတွေက စုပေါင်း တောင်းဆိုခဲ့ကြပါတယ်။

အာဆီယံ ခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာ့အရေးကို ကြည့်ကြဖို့နဲ့ မြန်မာပြည်မှာ ကြုံတွေ့နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ စစ်ရေး ပဋိပက္ခတွေဟာ ပြည်တွင်းရေးသက်သက်သာ မဟုတ်ဘဲ ဒီပြဿနာတွေ အကုန်လုံးက အရှေ့တောင်အာရှဒေသ တခုလုံးအပေါ် ဆိုးကျိုး သက်ရောက်မှု ရှိနိုင်တယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG မြန်မာကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။

“အာဆီယံခေါင်းဆောင်တွေအနေနဲ့ ဒီအချိန်ဟာ မြန်မာ့အရေးချဉ်းကပ်ပုံကို ပြန်စဉ်းစားဖို့ အကောင်းဆုံးအချိန်ပဲဆိုတာ ဖော်ပြဖို့ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၁  ဧပြီလ ၂၄ ရက်နေ့ကတည်းက အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေးဖြေရှင်းဖို့ ဘုံသဘောတူညီချက် ငါးရပ်ကို ချခဲ့တာပါ။ အခု သုံးနှစ်ပြည့်တော့မှာဖြစ်ပေမဲ့ ဘာမှ အများကြီး သက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် သူတို့ ချဉ်းကပ်ပုံကို ပြန်စဉ်းစားဖို့ အကောင်းဆုံးအချိန်လို့ ဆိုရမှာ။ ပြထားတဲ့ ဖန်သားပြင်ကို ပဲကြည့်ကြည့်၊ အာဆီယံ ထူထောင်ရတဲ့ ရည်ရွယ်ချက်ကိုပဲ စဉ်းစားကြည့်ကြည့်၊ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ တန်ဖိုးထားမှုတွေ မြှင့်တင်ဖို့နဲ့ ငြိမ်းချမ်းတဲ့ ဒေသဖြစ်ဖို့က ပထမဆုံးအချက်ဆိုတာ တွေ့လိမ့်မယ်။ မြန်မာဟာ အနှစ် ၇၀ လောက် ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတာပါ။  ပြဿနာတွေက အများကြီးပါ။ ဒုက္ခသည်တွေ၊ IDP တွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ပြဿနာအများကြီးပါ။ ဒီပြဿနာတွေအကုန်လုံးက အရှေ့တောင်အာရှ ဒေသတခုလုံးအပေါ် ပြန့်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းရေး မဟုတ်ပါဘူး။ ဒေသတစ်ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ဒီကနေ့ အာဆီယံခေါင်းဆောင်တွေဒီအမြင်နဲ့ မြန်မာ့အရေးကို ကြည့်ဖို့လိုပါတယ်။”

သြစတြေးလျနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားပြု ကိုယ်စားလှယ် တက်ရောက်တာမျိုး မရှိသလို ဖိတ်ကြားတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013