Home
မြန်မာသတင်း
ခိုးမှု၊ လုယက်မှုများကို သက်သေအထောက်အထားဖြင့် တိုင်ကြားနိုင်ဟု အေအေပြော
DVB
·
March 4, 2024
Rubber Thief Report to AA_04022024

ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာရှိတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးမှု၊ လုယက်မှုတွေ ကျူးလွန်နေတဲ့သူတွေကို သက်သေအထောက်အထားတွေနဲ့ ရခိုင်ပြည်သူ့အစိုးရရဲ့ တရားရုံးတွေမှာ အမှုဖွင့်လှစ်ပြီးတော့ တိုင်ကြားနိုင်တယ်လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နေအိမ်၊ ဈေးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုအပြင် ခိုးမှု၊ လုယက်မှုတွေကို ဆက်တိုက်ကြုံတွေ့နေရတဲ့ ပေါက်တော၊ ရမ်းဗြဲမြို့တွေက ဒေသခံတွေအနေနဲ့ နီးစပ်ရာ တရားရုံးတွေမှာ သွားရောက်တိုင်တန်းကြဖို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“သက်သေအထောက်အထား အပြည့်အစုံနဲ့ အေအေဘက်က ကျူးလွန်သည်ဖြစ်စေ၊ မည်သူကျူးလွန်သည်ဖြစ်စေ၊ ခိုးမှု၊ လုယက်မှုတွေကို နီးစပ်ရာ တရားရုံးတွေမှာ တိုင်ကြားနိုင်တယ်။ တိုင်ကြားမှုတွေရှိရင် စုံစမ်းစစ်ဆေးပြီးတော့ အရေးယူမှုတွေ ပြုလုပ်သွားမယ်။”

တိုက်ပွဲတွေကြောင့် မြို့ပျက်လုံးလုံးဖြစ်သွားတဲ့ ပေါက်တောမြို့နဲ့ ရမ်းဗြဲမြို့တွေမှာ နေအိမ်အများအပြားဟာ စစ်ကောင်စီရဲ့ ရေတပ်၊ လေတပ်နဲ့ လက်နက်ကြီးဒဏ်တွေကြောင့် မီးလောင်ပျက်စီးသွားသလို ကျန်ရှိနေသေးတဲ့ နေအိမ်တွေမှာလည်း ဖောက်ထွင်းမှု၊ ခိုးမှုတွေ များစွာနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပေါက်တောမြို့မှ စစ်ဘေးရှောင်တဦးက “မြို့လုံးကျွတ် အကုန်ထွက်ပြေးလာရတော့ အိမ်ကနေ ဘာပစ္စည်းမှ မယူခဲ့ရဘူး။ ပစ္စည်းတွေရော၊ လက်ဝတ်လက်စားတွေရော အများကြီးကျန်ခဲ့ကြတယ်။ တချို့အိမ်တွေဆို မီးလောင်ကုန်တယ်၊ လက်နက်ကြီးကျလို့ ပြိုကုန်တယ်၊ ကျန်သေးတဲ့ အိမ်တွေဆိုရင်လည်း ဖောက်တာ၊ ခိုးထားကြတာတွေ အများကြီးပဲ။ ခိုးတာ ဖောက်တာတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးစေချင်တယ်” လို့ ပြောပါတယ်။

အေအေက တရားရုံးတွေမှာ စစ်ပွဲကာလအတွင်း ခိုးမှု၊ လုယက်မှုတွေကို တိုင်ကြားနိုင်တယ်လို့ ပြောဆိုသွားတာနဲ့ပတ်သက်ပြီး တရားရုံးတွေအနေနဲ့ ပြည်သူနဲ့ လက်လှမ်းမီတဲ့ နေရာတွေမှာ ရှိသင့်ပြီးတော့ ခိုးမှု၊ လုယက်မှုတွေအပေါ် ထိရောက်တဲ့ ပြစ်ဒဏ်ပေးမှုတွေပါ ပြုလုပ်ပေးဖို့ ဒေသခံတွေက လိုလားနေပါတယ်။

ရခိုင်ပြည်နယ် စစ်ပွဲကာလအတွင်းမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ အသက်၊ အိုးအိမ် ပစ္စည်းတွေ အပါအဝင် နေအိမ်၊ ဈေး ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်သူတွေအတွက် လုံလောက်တဲ့ အကူအညီတွေ ရရှိဖို့ပါ ကူညီပေးသွားမယ်လို့ ခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ရခိုင်ပြည်သူတွေအနေနဲ့ လက်ရှိစစ်ပွဲတွေကြောင့် အသက်အိုးအိမ် ပစ္စည်းဆုံးရှုံးမှုတွေ ပိုတိုးလာတဲ့အပြင် စစ်ဘေးရှောင်ဦးရေဟာလည်း ၃၃၁,၀၆၇ ယောက် ရှိတယ်လို့ အေအေရဲ့ HDCO ဘက်ကနေ ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်တွေနဲ့အတူ ရခိုင်ဒေသတွင်း နေထိုင်သူ အများစုဟာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေနဲ့ ဘေးကင်းလုံခြုံရေးတွေကို အရေးပေါ်အနေနဲ့ လိုအပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024