Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီအမြောက်တပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
March 4, 2024
306 Army Thaninthayi_04032024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အမြောက်တပ်ရင်းကို မတ်လ ၃ ရက် ညနေပိုင်းက ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အရှေ့မော်တုန်းကျေးရွာအခြေစိုက် ၃၀၆ အမြောက်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီလောက်မှာ ဗုံးသီး ၂ လုံး၊ ည ၆ နာရီခွဲလောက်မှာ ၁ လုံး တပ်ရင်းထဲ သွားရောက် ဗုံးသီးကြဲခဲ့တာလို့ ပြောပါတယ်။

ဗုံးသီးချတိုက်ခိုက်တာကြောင့် စစ်ကောင်စီ ၃ဝ၆ အမြောက်တပ်ရင်းက ထိခိုက်ဒဏ်ရာရသူ ရှိပြီး အတိအကျကိုတော့ မသိနိုင်သေးဘူးလို့ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“သုံးခေါက် သွားချတာ။ အရှေ့နှစ်ခေါက်မှာ နှစ်လုံးလုံး အောင်မြင်တယ်။ သုံးခေါက်မြောက်မှာတော့ နောက်ဆုံးအလုံးက မပေါက်ဘူး၊ တပ်ရင်းထဲပဲ ကျသွားတယ်။ စုံစမ်းရသလောက်တော့ နှစ်ဦးလောက်ပဲ ထိတယ် ကြားတယ်။ သူတို့တပ်ရင်းဧရိယာထဲ ကျတယ်။ အော်ဟစ် ပြေးလွှားနေကြတယ်။ တိတိကျကျတော့ စုံစမ်းဖို့ခက်တယ်လေ။”

စစ်ကောင်စီတပ်ရင်းဘက်က ဗုံးသီးချ တိုက်ခိုက်ခံရပြီး ချက်ချင်း လက်နက်ကြီးတွေနဲ့ တပ်ရင်းအနီးတဝိုက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရှေ့မော်တုန်းအုပ်စုနဲ့ အနောက်မော်တုန်း ရွာအုပ်စုတို့ဘက်ကို ကျရောက်ပေါက်ကွဲကာ အရပ်သား ပြည်သူတွေနဲ့ နေအိမ်တွေ ထိခိုက်တာတော့ မရှိပါဘူး။

အနောက်မော်တုန်းရွာခံ အမျိုးသမီးတဦးက “မနေ့ကဆို တနေကုန်ပစ်နေတာ။ ရွာထဲမှာ လာကျပေမဲ့ ထိခိုက်မှုတော့မရှိဘူး။ ဥယျာဉ်ထဲတွေမှာကျတာ၊ ဒီဘက်မှာက အိမ်နဲ့ ဥယျာဉ်နဲ့က ကပ်နေတာပါ။ ညနေက ဒီဘက် တပ်ရင်းမှာ ဗုံးသွားချလိုက်သေးတယ်” လို့ ပြောပါတယ်။

အဆိုပါ မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးသီးချ တိုက်ခိုက်တာကို တောဗုံးကြီးအဖွဲ့၊ တနင်္သာရီရိုးမနဲ့ ပုလောပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဗုံးသီးချ တိုက်ခိုက်ခံရပြီးနောက် မတ်လ ၄ ရက် မနက်ပိုင်းမှာ အဲဒီ ၃၀၆ အမြောက်တပ်ရင်းကနေ အင်အား ၁၀ ယောက်ကျော်လောက်က အရှေ့မော်တုန်းရွာဘက်ကို ဝင်ရောက်လာခဲ့ပြီး တပ်ရင်းကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ၃၀၆ မော်တုန်းအမြောက်တပ်ရင်းမှာ အခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ပြည်သူ့ကာကွယ်ရေး စစ်ကြောင်း ၁ က ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013