Home
မြန်မာသတင်း
ထားဝယ်နည်းပညာတက္ကသိုလ် ဒု-ပါချုပ်နှင့် ပါမောက္ခတို့ စစ်ဆေးပြီး အပြစ်မရှိပါက အရေး မယူ  
DVB
·
March 4, 2024
Dawei Technology University-232024

တနင်္သာရီတိုင်း၊ ထားဝယ်နည်းပညာတက္ကသိုလ်ရဲ့ ဒု-ပါမောက္ခချုပ်နဲ့ ပါမောက္ခ နှစ်ယောက်ကို ဗထူးတပ်မတော်က စုံစမ်းစစ်ဆေးနေပြီး အပြစ်မရှိရင် အရေးယူမှုပြုလုပ်မှာ မဟုတ်ဘူးလို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထက်မြက်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်၊  နေ့လယ်ပိုင်းမှာ ထားဝယ်နည်းပညာတက္ကသိုလ်ရဲ့ ဒု-ပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ်နဲ့ ပါမောက္ခ ဒေါ်နန္ဒာလွင်တို့ကို စစ်ကျွန်ပညာရေးကို ဆက်လက်အသက်သွင်းနေတာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ် Non CDM ဝန်ထမ်းသုံးယောက်ဟာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ထားတာ တစုံတရာမရှိရင် လက်နက်ကိုင်တပ်ဖွဲ့တွေ လေးစားလိုက်နာရမယ့် နိုင်ငံတကာ လူသားချင်းစာနာမှု စံနှုန်းတန်ဖိုးတွေအရ ပြန်လည်လွှတ်ပေးစေလိုတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဖေဖော်ဝါရီ ၂၉ ရက်မှာ တိုက်တွန်းထားပါတယ်။

ဖမ်းဆီးခံရတဲ့ ဆရာ၊ ဆရာမ သုံးယောက်ဟာ လူ့အခွင့်အရေးချိုးဖောက်ထားတာ မရှိဘဲ စစ်ကောင်စီလက်အောက်မှာ ဝမ်းရေးအတွက်သာ လုပ်ကိုင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကို အားပေးထောက်ခံနေတာ မရှိဘူးလို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု ထားဝယ်ခရိုင် သပိတ်ကော်မတီရဲ့ လူထုစည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ် ဒု-ပါချုပ်နဲ့ ပါမောက္ခတွေကို ဗထူးတပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတာ သီတင်းတပတ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး Non CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ဖိအားမပေးဘဲ သူတို့ရဲ့ သဘောဆန္ဒအလျောက် ပါဝင်အောင် စည်းရုံးဖို့လိုတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

ဗမာ့လူငယ်ကွန်ရက်ကလည်း အဆိုပါ Non CDM ဝန်ထမ်းသုံးဦးဟာ ကျူးလွန်ချိုးဖောက်ခဲ့တဲ့ ပြစ်မှုတစုံတရာ မရှိပါက လက်နက်ကိုင်တပ်ဖွဲ့များ လေးစားရမယ့် နိုင်ငံတကာ လူသားချင်းစာနာမှု စံနှုန်းတန်ဖိုးအရ ချက်ချင်း ပြန်လည်လွှတ်ပေးစေလိုကြောင်း မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။

ထားဝယ်နည်းပညာတက္ကသိုလ်မှာ အခုစာသင်နှစ်အတွင်း စာရင်းရှိ ကျောင်းသားဦးရေ ၉၅၀ ဝန်းကျင်လောက်ရှိပြီး ကျောင်းတက်နေတဲ့ ကျောင်းသူ ကျောင်းသား ၁၀၀ နီးပါးလောက် ရှိတယ်လို့ ကျောင်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ်က ပစ္စည်းတွေကို စစ်ကောင်စီတပ်ဘက်က လုံခြုံရေးနဲ့ ထားဝယ်ကွန်ပျူတာတက္ကသိုလ်ကို ဖေဖော်ဝါရီ ၂၉ ရက်မှာ ပြောင်းရွှေ့ထားပြီး ထားဝယ်နည်းပညာတက္ကသိုလ်နဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတွေ တိုးချဲ့ထားတယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေး စစ်ကြောင်းတခုဖြစ်တဲ့ ဗထူးစစ်ကြောင်းကို ဗထူးတပ်မတော်အဖြစ် ၂၀၂၄ ခုနစ်၊ ဇန်နဝါရီ ၁ ရက်မှာ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013