Home
မြန်မာသတင်း
ဒဏ်ရာရတော်လှန်ရေး ရဲဘော် ၃၀၀ ကျော်ကို FBR ဆေးကုပေး
DVB
·
March 4, 2024
fbr-2722024

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲမှာ ရှေ့တန်းကနေ ဒဏ်ရာရ တော်လှန်ရေးရဲဘော် ၃၀၀ ကျော်ကို ဆေးကုသပေးနိုင်ခဲ့တယ်လို့ ကရင်နီ Free Burma Ranger (FBR) တပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲ ကရင်နီပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲ ၆၁ ပွဲမှာ ပါဝင်ခဲ့ပြီး ရှေ့တန်းကနေ ရဲဘော်စုစုပေါင်း ၃၅၂ ဦးကို ဆွဲထုတ် ကုသပေးနိုင်ခဲ့တယ်လို့ FBR တပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေက ၂၀၂၃ ခုနှစ်ထဲမှာ ပြင်းထန်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေပါ ဖြစ်လာခဲ့ပါတယ်။

FBR တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးနေပြီး ရဲဘော် ၃၀၀ ကျော်ကို ကုသပေးနိုင်ခဲ့တဲ့အပြင် ကျဆုံးသွားတဲ့ ရဲဘော် ၅၂ ဦးကို တိုက်ပွဲကနေ ဆွဲထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကရင်နီဒေသအပြင် မြို့သိမ်းတိုက်ပွဲတွေနဲ့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေကို အပြင်းအထန် အသုံးပြုကာ တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအတွက် တကိုယ်ရေအကာအကွယ် လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ ကရင်နီ FBR ဒုတာဝန်ခံ ကိုအောင်ဇေယျက ပြောပါတယ်။

ကိုအောင်ဇေယျ (ခ) တရုတ်ကြီးက “အခုက မြို့သိမ်းတိုက်ပွဲတွေ ဖြစ်နေတယ်။ လွိုင်ကော်ပဲ ကြည့်ကြည့်၊ ရှမ်းမှာဆိုရင် ဖယ်ခုံဘက်ပဲ ကြည့်ကြည့်ပေါ့။ မြို့ပြတိုက်ပွဲတွေ ဆင်နွှဲဖို့ ကြိုးစားနေကြတယ်။ ဆင်လည်း ဆင်နွှဲနေကြတယ်။ မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီလည်း ဧရိယာတော်တော်များများ ဆုံးရှုံးနေပြီ။ ဒါပေမဲ့ သူတို့ လက်နက်ကြီးသုံးတာ တော်တော်ကြောက်ဖို့ကောင်းတယ်။ လက်နက်ကြီး အရမ်းသုံးတယ်၊ လေကြောင်း သုံးတယ်။ ရဲဘော်တွေအတွက် ဦးထုပ်နဲ့ ChestVest တွေ လိုတယ်။ ဦးထုပ်က ကျည်တွေ ခေါင်းမထိဖို့ အရေးကြီးတယ်” လို့ ပြောပါတယ်။

ကရင်နီဒေသ အတော်များများမှာ ရေရှားပါးနေပြီး လူဦးရေရဲ့ လေးပုံသုံးပုံလောက်က နေရပ်စွန့်ခွာ စစ်ရှောင်နေရတဲ့အတွက် ရေလိုအပ်မှု များပြားလာကာ အလှူရှင်တွေကိုပဲ အားကိုးနေရပါတယ်။

FBR အနေနဲ့ အခုနွေရာသီမှာ စစ်ရှောင်စခန်းတွေအတွက် ရေဖြန့်ဝေဖို့ လုပ်သွားမယ့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုပ်ဆောင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ကိုအောင်ဇေယျ (ခ) တရုတ်ကြီးက “နွေရာသီမှာ ရေဖြန့်ဝေဖို့ လုပ်ပေးမယ်။ ကူညီမှုရတာ နည်းတဲ့သူတွေကို ဦးစားပေးမယ်။ မိုးရာသီမှာတော့ စိုက်ပျိုးသီးနှံပေးဖို့နဲ့ မိုးကာတွေ ဆက်ထောက်ပံ့မယ်။ ဆောင်းရာသီတော့ ဝေးလံဒေသတွေ ဆေးပိုင်းဆိုင်ရာ ဆက်ထောက်ပံ့ကူညီမယ်။ ၂၀၂၃ ကလိုပဲ ဒီနှစ်လည်း တိုက်ပွဲတွေ ဆက်တိုက်ကူနေတယ်။ အခုထိ တိုက်ပွဲတွေဖြစ်တဲ့ နေရာတွေမှာ ရိန်းဂျားတွေ မြေပြင်မှာရှိပြီး ဆက်ကူညီနေတုန်းပါပဲ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဟာ ကရင်နီပြည်နယ်သာမကဘဲ နယ်နိမိတ်ချင်း နီးစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကိုပါ ပျံ့နှံ့လာပြီး ဆီဆိုင်၊ ဟိုပုန်း စတဲ့ဒေသတွေက လူတသိန်းကျော်ပါ စစ်ရှောင်နေကြရပါတယ်။

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013