Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်းတွင် စိတ်ကြွဆေးပြား ၂ သန်းကျော် ဖမ်းဆည်းရမိ
DVB
·
March 4, 2024
Thai Drugs Seized_

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းနဲ့ ချင်းမိုင်ခရိုင်တွေမှာ စိတ်ကြွဆေးပြား ၂ သန်းကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ချင်းရိုင်းခရိုင်မှာ နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းထိ စိတ်ကြွဆေးပြား အချီကြီး သယ်ဆောင်သွားဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၄ ရက် ဒီမနက် ၄ နာရီလောက်က ချင်းရိုင်းမြို့နယ် ဘန့်အုပ်စု ခိုခရဲ့ရပ်ကွက်တွင်းရှိ ရီဆော့တ်တခုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီမှာ လာရောက်တည်းခိုနေတဲ့ ခရီးသွားဧည့်သည် ၆ ဦးကို စစ်ဆေးရာမှာ သူတို့ရဲ့ Big Bike ဆိုင်ကယ်တွေထဲကနေ ကြယ် ၅ လုံး ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေးပြား စုစုပေါင်း ၁,၈၉၀,၀၀၀ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါ ၆ ဦးထဲမှာ အသက် ၂၁ နှစ်အရွယ် လူငယ် ၃ ဦး ပါဝင်ပြီး သူတို့ဟာ အဲဒီဆေးပြားတွေကို နယ်စပ်ကနေ ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီခရိုင်ထိ အခကြေးငွေနဲ့ ပို့ဆောင်ပေးဖို့ သယ်လာတာဖြစ်ကြောင်း ဝန်ခံသွားတယ်လို့ cmprice.com သတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၃ ရက်ကလည်း ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ် မြန်မာနယ်စပ်အနီးမှာ မူးယစ်ဆေးသယ်ဆောင်တဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်ကြပြီး စိတ်ကြွဆေးပြား ၇၀၀,၀၀၀ သိမ်းဆည်းရမိတယ်လို့ CM Thainews သတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက် ၂ နာရီခွဲလောက်က ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဖန်မြို့နယ် မွမ့်ပင်အုပ်စုတွင်း လုံခြုံရေးဆောင်ရွက်နေစဉ် ဟိုလွန့်တောင်ကြောဘက်ကနေ ဝင်လာတဲ့ လူ ၇-၈ ဦးခန့်ကို လှမ်းမြင်ရကြောင်း၊ စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်စဉ် တဖက်က အမျိုးအစားမသိ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက် ၁၀ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်ကြပြီး မနက်မိုးလင်းတော့ စစ်တပ်နဲ့ တာဝန်ရှိသူတွေ နယ်မြေသွား‌ရောက်ရှင်းလင်းရာမှာ သေဆုံးဒဏ်ရာရသူ မတွေ့ဘဲ စိတ်ကြွဆေးပြား ၁ သိန်းစီ ထည့်ထားတဲ့ အစိမ်းရောင်ကျောပိုးအိတ် ၇ လုံး တွေ့ရှိတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၇၀၀,၀၀၀ သိမ်းဆည်းရမိတာလို့ သတင်းမှာ ဖော်ပြသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013