Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတကို ရာထူးကရပ်စဲရမည်ဟု အာဏာရပါတီခေါင်းဆောင် ပြော
DVB
·
December 6, 2024
Photo-Reuters

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို အမြန်ဆုံး ရာထူးကနေ ရပ်စဲရမယ်လို့ အာဏာရပါတီခေါင်းဆောင်က ဒီဇင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ယိုးဟာ စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးစားခဲ့တဲ့အတွက် နိုင်ငံလုံခြုံရေးအရ ရာထူးကနေ ဖယ်ရှားသင့်တယ်လို့ အာဏာရပါတီခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ စွပ်စွဲဖြုတ်ချဖို့ မဲခွဲရာမှာ ပြည်သူ့အာဏာပါတီဝင် အမတ်တွေ ထောက်ခံမဲပေးဖို့ တိုက်ရိုက် တိုက်တွန်းတာတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညပိုင်းမှာ တောင်ကိုရီးယားသမ္မတက ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာဟာ နိုင်ငံတခုလုံးသာမက သူ့ပါတီကိုပါ တုန်လှုပ်သွားစေခဲ့ပါတယ်။

ဒါပေမဲ့ သူ့ပါတီဝင်တချို့ အပါအဝင် လွှတ်တော်အမတ်တွေက စစ်အုပ်ချုပ်ရေးရုပ်သိမ်းဖို့  ဆန့်ကျင်မဲပေးလိုက်တဲ့အတွက် ၆ နာရီလောက်အကြာမှာ အမိန့်ကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

ပါတီခေါင်းဆောင် ဟန်ဒေါင်းဟွန်းက သမ္မတယွန်းဟာ အဖျက်အမှောင့် အင်အားစုတွေထဲမှာ ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီက စနေနေ့ညနေမှာ စွပ်စွဲဖြုတ်ချရေး လွှတ်တော်မှာ မဲခွဲဖို့ စီစဉ်ထားပါတယ်။

ရဲတပ်ဖွဲ့ကလည်း အတိုက်အခံပါတီနဲ့ တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုထားတဲ့ ပုန်ကန်မှုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး သမ္မတယွန်းကို စုံစမ်းစစ်ဆေးမှု စတင်နေပါပြီ။

အာဏာရပါတီအနေနဲ့  သမ္မတ စွပ်စွဲဖြုတ်ချမှုကို ဆန့်ကျင်တယ်လို့ အစောပိုင်းမှာ ပြောခဲ့ပေမဲ့ ဆိုးလ်မြို့တောင်ဘက်က ဂွါချွန်းမှာ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းဖို့ သမ္မတယွန်းက ရည်ရွယ်ခဲ့တယ်ဆိုတဲ့ “ယုံကြည်စိတ်ချရတဲ့ သက်သေ” တွေကြောင့် ရပ်တည်ချက် ပြောင်းလဲလာတယ်လို့ ဟန်က ပြောကြားခဲ့ပါတယ်။

“ပြည်သူတွေနဲ့ ထောက်ခံသူတွေကို မပြင်ဆင်ထားတဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် ထိခိုက်မှုမဖြစ်အောင် ဒီစွပ်စွဲဖြုတ်ချမှုကို အတည်မပြုအောင် ကြိုးစားမယ်လို့ မနေ့က ကျနော်ပြောခဲ့ပေမဲ့ အသစ်ပေါ်ထွက်လာတဲ့ အချက်အလက်တွေအရ သမ္မတယွန်းဆွတ်ခ်ယိုးကို ရာထူးကနေ ချက်ချင်းရပ်စဲဖို့ဟာ သမ္မတနိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်" လို့ ဟန်က ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေမြောင်းက စစ်အုပ်ချုပ်ရေးကြေညာတာဟာ သမ္မတက သူ့အာဏာကို ထိန်းသိမ်းဖို့ သို့မဟုတ် ဆက်လက်တည်ရှိစေဖို့လုပ်တဲ့ ပုန်ကန်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါဟာ ပုန်ကန်မှုပါ” လို့ သူက ပြောပြီး “ဒါဟာ စစ်တပ်ထောက်ခံတဲ့ အာဏာသိမ်းမှုပါ” လို့ လီက မှတ်ချက်ပေးခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013