တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးပမ်းမှုအပြီး တပတ်နီးပါးအကြာမှာ ဆိုးလ်မြို့တော်အတွင်း ဆန္ဒပြပွဲတွေ ဆက်တိုက်ဆင်နွှဲနေလို့ ဒီဇင်ဘာ ၉ ရက်မှာ အသွားအလာ အဟန့်အတားတွေကြား တောင်ကိုရီးယားမှာ နေထိုင်သူတွေက ရုန်းကန်နေကြရပါတယ်။
ယွန်းဟာ ဒီဇင်ဘာ ၃ ရက် ညက နိုင်ငံတော်ကိုဆန့်ကျင်တဲ့ အင်အားစုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ စစ်တပ်ကို အရေးပေါ်အာဏာတွေ ပေးခဲ့ပြီး စစ်အာဏာသိမ်းကြောင်း ကြေညာခဲ့လို့ နိုင်ငံကို တုန်လှုပ်စေခဲ့ပါတယ်။
၆ နာရီအကြာမှာပဲ လွှတ်တော်အမတ်တွေက စစ်တပ်နဲ့ ရဲကို အာခံရင်း လွှတ်တော်ခေါ်ယူခဲ့ပြီး သမ္မတရဲ့ အမိန့်ကို တညီတညွတ်တည်း မဲခွဲဆုံးဖြတ် ပယ်ချခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုနောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး သီတင်းပတ်ကုန်ရက်မှာတော့ ယွန်းကို ထောက်ခံသူရော ဆန့်ကျင်သူတွေပါ လူပေါင်း သောင်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
တနင်္လာနေ့ မနက်ခင်းမှာ ဆိုးလ်မြို့လယ်က ဂွမ်ဟွမ်းမွန်ရင်ပြင်မှာ တောင်ကိုရီးယားရဲ့ အတိုက်အခံပါတီတခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ဆန္ဒပြသူတွေနဲ့ ဖြတ်သွားဖြတ်လာ ခရီးသည်တွေ ဆုံခဲ့ကြပါတယ်။
မြောက်ကိုရီးယားနယ်စပ်အနား ပါဂျူမြို့ကလာတဲ့ ခရီးသည်က “အသွားအလာက ကြီးကြီးမားမား ပြတ်တောက်နေပြီး ဒီမငြိမ်မသက်မှုတွေကြောင့် ဖြစ်ရတာလို့ ကျနော်ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
ယွန်းကို ဒီဇင်ဘာ ၇ ရက်က လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခဲ့ပေမဲ့ မဲအသာနဲ့ လွတ်မြောက်ခဲ့တာပါ။ ယွန်း ရာထူးကနေ နုတ်မထွက်မချင်း သီတင်းတပတ်လုံး ဆက်ပြီး ဆန္ဒပြသွားမယ်လို့ အတိုက်အခံတွေနဲ့ ထောက်ခံသူတွေက ကတိပြုခဲ့ကြပါတယ်။
Source : Reuters