Home
မြန်မာသတင်း
တရုတ်၏ မူဝါဒအမှားကို လက်မခံကြောင်း ဝါရှင်တန်ဒီစီ တရုတ်သံအမတ်အိမ်ရှေ့ ဆန္ဒပြ
DVB
·
December 8, 2024

တရုတ်အစိုးရရဲ့ မှားယွင်းတဲ့မူဝါဒကို လက်မခံကြောင်း ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် ဝါရှင်တန်ဒီစီ တရုတ်သံအမတ် နေအိမ်ရှေ့မှာ အမေရိကန်ရောက်မြန်မာတွေ ဒေသစံတော်ချိန် ဒီဇင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ စတင်ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ ပထမဆုံးခြေလှမ်းအဖြစ် တရုတ်သံအမတ်ကြီးရဲ့ နေအိမ်ရှေ့မှာ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်တာတွေကို တရုတ်အစိုးရက ရပ်တန့်ဖို့တောင်းဆိုခဲ့ကြပြီး တရုတ်အစိုးရဆီလိပ်မူထားတဲ့စာကို ပေးပို့ဖို့ကြိုးစားပေမဲ့ တရုတ်သံအမတ်ကြီးဘက်က လက်ခံရယူဖို့ ငြင်းဆိုခဲ့တာတွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေတည်ရှိတဲ့ ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျယ်လိစ် စတဲ့ အဓိကနေရာ ၄ ခုမှာ ဆန္ဒပြလှုပ်ရှားမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

Save Myanmar- USA က ကိုရင်အေးက “တရုတ်က စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တယ်။ ရပ်တဲ့အပြင်ကို ကျနော်တို့တိုင်းပြည်ကို စစ်ရေးအရ ပါဝင်ရောက်စွက်ဖက်တဲ့အဆင့် ဖြစ်လာတဲ့ အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဒါတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမယ်၊ ပြည်သူ့အားညီရင် နိုင်တယ်ဆိုတာ ကျနော်တို့ပြချင်တာပါ” လို့ ပြောပါတယ်။

တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ဒီဇင်ဘာတလလုံး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကမ်ပိန်းလအဖြစ် သတ်မှတ်ထားပြီး နိုင်ငံတကာရောက်မြန်မာတွေက သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ တရုတ်သံရုံးတွေရှေ့မှာ မြန်မာပြည်သူတွေရဲ့လိုလားချက်တွေကို ထုတ်ဖော်နေကြတာပါ။

NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးငြိမ်းသစ်က “စစ်အစိုးရနဲ့ပေါင်းတဲ့အတွက် တရုတ်ခေါင်းဆောင်တွေဟာ ဘယ်လောက်အထိ နာမည်ပျက်မယ်၊ ကမ္ဘာမှာ အရှက်ကွဲမယ်ဆိုတာကို ပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုဟာ မြန်မာပြည်တွင်းရေးမှာ တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်ပြီး စစ်ကောင်စီဘက်က ရပ်တည်တာကို ကန့်ကွက်တာသာဖြစ်ပြီး တရုတ်လူမျိုး မုန်းတီးရေး အသွင်သဏ္ဌာန်မျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပြည်ပရောက်အနုပညာရှင်တွေလည်း ပူးပေါင်းပါဝင်ခဲ့ပြီး တရုတ်အစိုးရကို တတ်နိုင်တဲ့ဘက်က ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

တေးရေး၊ တေးဆို ထက်အောင်ရှိုင်းက “တရုတ်အစိုးရကဝင်ပြီးတော့ ကျနော်တို့ တော်လှန်ရေးကို ကြန့်ကြာအောင်၊ နှောင့်နှေးအောင် ဝင်ရောက်စွက်ဖက်နှောင့်ယှက်တယ်ဆိုတာကို သိရတဲ့ အတွက်ကြောင့်မို့လို့ ကျနော် တတ်စွမ်းတဲ့ ဂီတအနုပညာနဲ့ လာရောက်ကန့်ကွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြို့တော်ဝါရှင်တန်ဒီစီမှာပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲကို နယူးယောက်၊ ဗာဂျီးနီးယား၊ မြောက်ကယ်ရိုလိုင်းနား၊ ဖိလဲဒဲဖီးယားရောက် မြန်မာတွေလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

တေးရေး၊ တေးဆို လင်းထက်ကလည်း “ကျနော်တို့အနေနဲ့ ဒါကို ပြတ်ပြတ်သားသားလုပ်နေတာ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့အရှေ့မှာ အသက်ပေးခဲ့ကြတဲ့ ရဲဘော်ညီအစ်ကိုတွေရှိတယ်။ သူတို့အားလုံး သေခဲ့တာ အလကားမဟုတ်ဘူး။ သူတို့ သေဆုံးခြင်းအတွက် ကျနော်တို့ ခရီးဆုံးအထိ လျှောက်ရမယ်။ အဲ့ဒီအတွက်ကြောင့်မို့လို ဘယ်နိုင်ငံကလာပြီး ရပ်လို့၊ ဘယ်နိုင်ငံက ထောက်ပံ့လို့ဆိုတာ ကျနော်တို့ အခုအချိန်မှာ ပြောမှာပဲ။ ကျနော်တို့တိုင်းပြည်၊ ကျနော်တို့ တော်လှန်ရေးကို ဘယ်နိုင်ငံကမှ ထောက်ပံ့ထားတာ မရှိဘူး၊ ကျနော်တို့ ပြည်သူကပဲ လုပ်နေတာ ဖြစ်တယ်။ ကျနော်တို့ ပြည်သူကပဲ ဒီတော်လှန်ရေးကို ပိုင်တာဖြစ်တယ်။ ကျနော်တို့ တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်သူကမှလာပြီးတော့ ကန့်သတ်တာတွေ ချုပ်ချယ်တာတွေ လုပ်လို့မရဘူးဆိုတာ ကျနော် ဒီနေရာကနေ သတိပေးချင်တယ်” လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒကို လက်မခံကြောင်း ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို နည်းလမ်း ၃ ခုနဲ့ ဖော်ဆောင်နေတာဖြစ်ပြီး ပထမနည်းလမ်းအနေနဲ့ ဒီပလိုမက်တစ်နည်းလမ်းကျ စည်းရုံးရေး လုပ်ငန်းအဖြစ် တရုတ်အပါအဝင် ကုလ၊ နိုင်ငံတကာနဲ့အဖွဲ့အစည်းအသီးသီးကို စာတွေပေးပို့တာပြီး နိုင်ငံရေးအခြေအနေတွေအပေါ်မူတည်လို့ လုပ်ငန်းအဖွဲ့က အချိန်နဲ့တပြေးညီ ကြေညာချက်တွေ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ဒုတိယနည်းလမ်းအဖြစ် ဆိုရှယ်မီဒီယာတွေကနေ နိုင်ငံတကာက တရုတ်သံရုံးတွေနဲ့ အစိုးရအဖွဲ့အထိ မြန်မာပြည်သူတွေရဲ့ သတင်းစကားတွေရောက်အောင် တူညီတဲ့မက်ဆေ့တွေ ပေးပို့သွားမှာဖြစ်ပြီး တတိယနည်းလမ်းကတော့ ပြည်တွင်း ပြည်ပမှာ မြေပြင်ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ကြဖို့ ဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013