ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ကိုင်းရှည်ရပ်ကွက်အနီးကို ဒီဇင်ဘာ ၁၆ ရက် ဒီနေ့မနက် ၁၁ နာရီ လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီက လေကြောင်းကနေ ဟိုနေရာ ဒီနေရာ လာရောက်ဗုံးကြဲနေတာတွေ ရှိနေတုန်းပဲ။ ဒီနေ့ ၁၁ နာရီလောက်ကလည်း ကိုင်းရှည်ရပ်ကွက်နားကို ဗုံးကြဲချသွားတယ်၊ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကိုတော့ သေချာမသိရသေးပါဘူး” လို့ တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။
တောင်ကုတ်မြို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၅ အပါအဝင် လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းတို့ကို ဒီဇင်ဘာ ၁၄ ရက်မှာ အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တခုလုံးကို အလုံးစုံ ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ တောင်ကုတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးလွတ်မြောက်နေတာကြောင့် အာရက္ခတပ်တော် (AA) က လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“စကခ ၅ ဌာနချုပ်နဲ့ မြို့တွင်းမှာတော့ စစ်ကောင်စီက မရှိတော့ဘူး။ ဒါပေမဲ့ တောင်ကုတ်မြို့နယ် အတွင်းမှာတော့ အရာရှိတွေ၊ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးလွတ်မြောက်နေတာ ရှိသေးတယ်။ အဲဒါတွေကို လိုက်လံရှင်းလင်းနေတုန်းပဲ။ ဒါကြောင့် တောင်ကုတ်တခုလုံးက စစ်ကောင်စီ ကင်းစင်နေတဲ့ နယ်မြေတော့ မဟုတ်သေးဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် (AA) က အမ်း နပခ နဲ့ ဂွမြို့နယ်ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်းမှာ ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် မြို့နယ် ၁၃ ခုအထိ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။