Home
နိုင်ငံတကာ
အစ္စရေးက ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှု တိုးလုပ်
DVB
·
December 16, 2024
Photo: Reuters

ဂါဇာမှာ ပြန်ပေးဆွဲခံထားရတဲ့ အစ္စရေးနဲ့ နိုင်ငံခြားသားတွေ ပြန်လွတ်မြောက်တာ သေချာစေရေး လတ်တလော တွန်းအားပေးနေတာတွေအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ ဒီဇင်ဘာ ၁၄ ရက်ညက ဆွေးနွေးခဲ့တယ်လို့ နေတန်ယာဟုက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

အပစ်ရပ်ရေး ဆွေးနွေးနေတဲ့ အတောအတွင်း ဂါဇာကမ်းမြောင်ကို အစ္စရေးက လေကြောင်း တိုက်ခိုက်တာတွေ တိုးလုပ်နေလို့ စစ်ဘေးရှောင်တွေ ခိုလှုံနေရာ ကုလ ကျောင်းတကျောင်းက လူ ၇ ယောက် အပါအဝင် စနေ တရက်တည်းမှာ လူ ၁၇ ယောက် သေဆုံးတယ်လို့ ဂါဇာက အရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပါတယ်။

ခန်းယူးနစ်မြို့မှာလည်း စစ်ဘေးရှောင်တွေ ခိုလှုံရာ ဂေဟာကို တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှတရပ် ထိမှန်ခဲ့လို့ လူအယောက် ၂၀ ထက်မနည်း သေဆုံးတယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။

အဆောက်အဦပျက်ထဲမှာ အလောင်းတွေ ပြန့်ကျဲနေပြီး လူတွေက အလောင်းတွေကို သယ်ထုတ်ဖို့ ကြိုးစားနေချိန်အထိ အဆောက်အဦက မီးလောင်နေဆဲဖြစ်ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သတင်းထောက်တယောက်နဲ့ ကယ်ဆယ်ရေးလုပ်သားတွေ အပါအဝင် လူ ၅၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။

အစ္စရေးစစ်တပ်ကလည်း သူ့ရဲ့ ကြည်းတပ်နဲ့ လေတပ်က ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ စစ်သွေးကြွ ဒါဇင်ချီကို သတ်ခဲ့ပြီး တခြားလူတွေကို ဖမ်းခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ ပါလက်စတိုင်းဦးရေဟာ ၄၄,၉၇၆ ယောက်ရှိပြီး တခြားလူ ၁၀၆,၇၅၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ အစီရင်ခံထားတဲ့အကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေရဲ့ ကြေညာချက်က ဆိုထားပါတယ်။

မနှစ်က အောက်တိုဘာမှာ ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်အပြီး အစ္စရေးရဲ့ လက်တုံ့ပြန်မှုကြောင့် ဖြစ်လာတဲ့ ဂါဇာစစ်ပွဲဟာ အရပ်သားနဲ့ ဆေးဘက်ဝန်ထမ်းတွေ အပါအဝင် ဂါဇာကမ်းမြောင်တခုလုံးမှာ လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်ချက် ကြီးမားခဲ့တယ်လို့ မီဒီယာတွေက သုံးသပ် ဖော်ပြထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013