ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ နူဆေရတ်စခန်းမှ နေအိမ်တွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံးအယောက် ၂၀ သေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဆေးမှူးတွေက ဒီဇင်ဘာ ၁၂ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လူတွေ အိပ်ပျော်နေချိန်မှာ ဒုံးကျည် ကျလာတာဖြစ်ပြီး ဒါဟာ အိပ်ပျော်နေကြတဲ့ စစ်ဘေးရှောင်တွေ၊ အပြစ်မဲ့ အရပ်သားတွေကို ပစ်မှတ်ထားခဲ့တာလို့ မျက်မြင်သက်သေ ရာအဒ် အလ်လိုဟ်က ပြောပါတယ်။
သူတို့ဟာ ငြိမ်းချမ်းတဲ့ မိသားစုတွေ ဖြစ်ကြပြီး ဘယ်အဖွဲ့အစည်း၊ ဘာတော်လှန်ရေးနဲ့မှ ပတ်သက်မှု မရှိ၊ ခုခံမှု မရှိကြတဲ့သူတွေသာ ဖြစ်တယ်၊ သူတို့ဟာ ဘာအမှားမျှ မကျူးလွန်ဘဲ ပစ်မှတ်ထားခံခဲ့ရတာလို့ ဂါဇာဒေသခံ အဘူ ဆာအဒ် အိုဘေ့ဒ် က ပြောပါတယ်။
အဆုံးသတ်မယ့် အရိပ်အယောင် မမြင်ရသေးတဲ့ ၁၄ လကြာ ပဋိပက္ခမှာ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် မိသားစုတွေ ခိုလှုံရာ နူဆေရတ် စခန်းရှိ စာတိုက်ရုံကို ထိမှန်ခဲ့ပြီး အနီးနားရှိ အိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း ဆေးမှူးတွေက ပြောဆိုပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အစ္စရေးစစ်တပ်က ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
နူဆေရတ် စခန်းဟာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့တဲ့ ၁၉၄၈ စစ်ပွဲကနေ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် မူလဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသရဲ့ သမိုင်းဝင်စခန်း ၈ ခုထဲမှ ၁ ခုဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဂါဇာတဝန်းလုံးမှာ အိုးအိမ်စွန့်ပြေး စစ်ဘေးရှောင်သူတွေနဲ့ ပြည့်ကျပ်နေတဲ့ မြို့ပြဧရိယာရဲ့ တစိတ်တပိုင်းလည်း ဖြစ်နေပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသရှိ နေရာအသီးသီးကို ဒီဇင်ဘာ ၁၂ ရက်အစောပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၃၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ WAFA က ပြောပါတယ်။
ဂါဇာကမ်းမြောင်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှု ၂ ကြိမ်မှာ ပါလက်စတိုင်း ၁၃ ဦး သေဆုံးခဲ့ပြီး သူတို့ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ထရပ်ကားတွေကို အကာအကွယ်ပေးနေတဲ့အဖွဲ့မှဖြစ်ကြတယ်လို့ ဂါဇာမှ ဆေးဘက်ဆိုင်ရာတွေနဲ့ ဟားမတ်စ် တို့က ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ သူတို့ဟာ သင်္ဘောပို့ဆောင်တဲ့ ပစ္စည်းတွေကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေ ဖြစ်တယ်လို့ ပြောပါတယ်။
Source-Reuters