Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် Save the Children ဝန်ထမ်း ၁ ဦး သေဆုံး
DVB
·
December 1, 2024
Photo: REUTERS/Dawoud Abu Alkas

ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ခန်းယူးနစ်မြို့ကို နိုဝင်ဘာ ၃၀ ရက်မှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှုအတွင်း ဝန်ထမ်းတယောက် သေဆုံးခဲ့တယ်လို့ ကလေးသူငယ်တွေကိုအကူအညီပေးရေး နိုင်ငံတကာအေဂျင်စီ Save the Children က ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စစ်ပွဲစတင်ကတည်းက တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဒုတိယမြောက်ဝန်ထမ်း ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားဖော်ပြထားပါတယ်။ 

ဂါဇာမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတခုအတွင်း ဝန်ထမ်းအဖွဲ့ဝင် အသက် ၃၉ နှစ်အရွယ် အာမဒ် ဖိုင်ဆယ် အစ္စလင်းမ် အယ်လ်ကာဒီ အသတ်ခံရမှုအတွက် ပရဟိတအဖွဲ့ Save the Childrenက ဝမ်းနည်းကြေကွဲပြီး ဒေါသထွက်နေပြီး ဒီတိုက်ခိုက်မှုကို အပြင်းထန်ဆုံးရှုတ်ချပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပါတယ်လို့ Save the Children က ပြောပါတယ်။ Save the Children ရဲ့ ထုတ်ပြန်ချက်အပေါ် အစ္စရေးက ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။

ဂါဇာတောင်ပိုင်းက ခန်းယူးနစ်မြို့မှာ World Central Kitchenက ကူညီရေးလုပ်သားတဦး မော်တော်ယာဥ်ထဲမှာရှိနေတုန်း အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါသေးတယ်။ သူက အစ္စရေးကြောင့် သေဆုံးတဲ့ ဒုတိယမြောက် ကူညီရေးလုပ်သား ဖြစ်လာပါတယ်။

အစ္စရေးစစ်တပ်က အရပ်သားတွေကို ပစ်မှတ်မထားဘဲ ဟားမတ်စ်အဖွဲ့က အရပ်ဘက် အဆောက်အအုံတွေထဲကနေ စီမံကြီးကြပ်နေပြီး ဂါဇာက ပြည်သူတွေကို လူသားဒိုင်းအဖြစ် သုံးနေတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ဟားမတ်စ်အဖွဲ့က စွဲချက်ကို ငြင်းဆိုထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ပါလက်စတိုင်း သေဆုံးသူ ဦးရေဟာ ၄၄,၃၆၃ ဦးအထိ တိုးလာတယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေး အာဏာပိုင်တွေက သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013