Home
နိုင်ငံတကာ
ဂါဇာရှိ ဓားစာခံများကို ပြန်မလွှတ်ပေးပါက ဒုက္ခငရဲနှင့် ပေးဆပ်ရလိမ့်မည်ဟု ထရမ့်ပ် သတိပေး
DVB
·
December 3, 2024
Photo : Reuters

ဂါဇာကမ်းမြောင်မှာ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် ပြန်လွှတ်မပေးရင် အရှေ့အလယ်ပိုင်းမှာ ဒုက္ခငရဲနဲ့ ပြန်ပေးဆပ်ရလိမ့်မယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် ဂုဏ်ယူဝံ့ကြွားစွာ တာဝန်ပေးအပ်တဲ့ နေ့စွဲ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် မတိုင်ခင်အထိ ဓားစာခံတွေကို ပြန်မလွှတ်ပေးသေးဘူးဆိုရင် အရှေ့အလယ်ပိုင်းနဲ့ လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေအတွက် အားလုံး ဒုက္ခငရဲနဲ့ ပေးဆပ်ရမယ်” လို့ ထရမ့်ပ်က သူ့ရဲ့ ထရုသ် ဆိုရှယ်မီဒီယာမှာ ဓားစာခံတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး  သတိပေးခဲ့တာပါ။

“လူတိုင်းဟာ အရှေ့အလယ်ပိုင်းက တကမ္ဘာလုံးရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ရက်ရက်စက်စက် လူမဆန်စွာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေအကြောင်း ပြောနေကြပေမဲ့ အားလုံးက စကားလုံးတွေ အပြောတွေပဲဖြစ်ပြီး လက်တွေ့လုပ်ရပ် မပါကြဘူး” လို့လည်း ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းအရ ကျူးလွန်သူတွေ၊ တာဝန်ရှိသူတွေဟာ ဘယ်သူမဆိုထက် ပိုပြီးပြင်းပြင်းထန်ထန် ခံစားရမှာဖြစ်ပြီး ဓားစာခံတွေကို ခုချက်ချင်း လွှတ်ပေးပါ! လို့ ရေးသားထားပါတယ်။

အစ္စရေးစာရင်းတွေအရ ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေဟာ ၂၀၂၃ ခုနှစ်က လူအသေအပျောက်များတဲ့ အစ္စရေးနိုင်ငံကို တိုက်ခိုက်မှုအတွင်း အစ္စရေး-အမေရိကန် ၂ နိုင်ငံသား ခံယူထားသူတွေ အပါအဝင် လူပေါင်း ၂၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အဆက်အသွယ် မရသေးတဲ့ အစ္စရေးဓားစာခံတွေရဲ့ ထက်ဝက်လောက် အရေအတွက် လူ ၁၀၁ ယောက်လောက် အသက်ရှင်နေသေးတယ်လို့ ယူဆရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013