Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းရန် အဓမ္မဖမ်းဆီး
DVB
·
December 18, 2024

မန္တလေးတိုင်းမှာ စစ်ကောင်စီတပ်က ရာနဲ့ချီတဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့အတွက်  အဓမ္မဖမ်းဆီးခေါ်ဆောင်နေတယ်လို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းက မြို့နယ်တွေမှာ ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ ၂ ပတ်တာ ကာလအတွင်း လူငယ် ၁၂၅ ယောက်ကို စစ်ကောင်စီက စစ်မှုထမ်း ဥပဒေနဲ့ မတရားဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ သပိတ်အင်အားစုရဲ့ စာရင်းတွေအရ သိရပါတယ်။

အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီး စတဲ့ ၇ မြို့နယ်မှာ လူငယ်တွေ အများဆုံး ဖမ်းဆီးခံခဲ့ရတာပါ။

မန္တလေးဒေသခံတယောက်က “အဖမ်းခံရပြီးနောက်ရက်မှာ မိသားစုတွေက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကနေတဆင့်လိုက်တယ်။ စစ်သင်တန်းကို ပို့လိုက်ပြီဆိုတဲ့ ဖြေကြားချက်ကလွဲရင် ဖမ်းဆီးခံရပြီးနောက်မှာ မိသားစုနဲ့ အဆက်အသွယ်ရတာမျိုး လုံးဝမရှိဘူး။ ဆိုးဆိုးဝါးဝါးအနေနဲ့ ကြားရတာဆိုရင် ရဲမွန်တောင်ဘက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရယ်၊ စက်မှုဘက်ကရုံးရယ်၊ ရဲမွန်တောင်ဘက်မှာ ဆိုရင်လည်း လူငယ်တွေ အယောက် ၇၀ နီးပါးပါတယ်။ အိမ်ထောင်စုဇယားမှာဆိုရင် ယောကျ်ားလေးက ဘယ်နှယောက် ရှိလဲ၊ ဘာအလုပ်လုပ်ကြသလဲ ဆိုပြီး သူတို့ စိစစ်တယ်၊ ပြီးမှစစ်မှုထမ်းအတွက် နာမည်စာရင်းတွေ ပါတယ်ဆိုပြီးတော့မှ အိမ်တွေကို စာပို့တယ်၊ နောက်ပိုင်းမှာတော့ သူတို့က ပိုက်ဆံနဲ့တောင်မှ ညှိလို့တောင်မရတော့ဘဲ ပိုက်ဆံလိုတာ မဟုတ်ဘူး။ လူပဲလိုတာပါလို့ ပြောပြီးတော့မှ ပိုက်ဆံနဲ့ အညှိမခံတော့ဘူး”လို့ ပြောပါတယ်။

မန္တလေးမှာ ဖမ်းဆီးတဲ့ လူငယ်တွေကိုတော့ နန်းတွင်းထဲ ခေါ်ဆောင်သွားပြီး အဲဒီကနေတဆင့် မတ္တရာမြို့နယ်ဘက်က စစ်တပ်လေ့ကျင့်ရေးကျောင်းတွေကို ပို့ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာလည်း အင်းဝမြို့နဲ့ စစ်ကိုင်းမြို့ကို ဆက်ထားတဲ့ စစ်ကိုင်းတံတား (အင်းဝ) ပေါ်မှာ လူငယ် ၁၅ ယောက်လောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Wetlet Information Network မှ နဂါးလေးက “မန္တလေးမြောက်ပြင်ပေါ့၊ အိုးဘိုရပ်ကွက် ဘက်ကနေမှ စစ်မှုထမ်းရမှာမို့ အဆင်မပြေလို့ ထွက်ပြေးလာကြရတဲ့သူတွေရှိတယ်။ ၁၈၊ ၁၉၊ ၂၀ အရွယ်တွေပေါ့။ မန္တလေးဘက်ကဆွဲရင် နန်းတွင်းကို ပို့တယ်၊ နန်းတွင်းကနေမှတဆင့် တချို့ဆိုရင် တခါတည်း ပစ္စည်းတွေ ဘာတွေသိမ်း၊ တချို့ဆို အသိစိတ်ပျောက်အောင် ဆေးတွေ ဘာတွေ ချခိုင်းပြီးတော့မှ ထီးတော်မိုးကနေတဆင့် မတ္တရာဘက်ကို ပြန်ပို့တာ၊ အများစုက ဒီဘက်ကို ပြန်ပို့တာ များပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာလည်း စစ်မှုထမ်းအတွက် လူလိုအပ်ချက်ကြောင့် မြင်းခြံမြို့ပေါ်ရပ်ကွက်တွေထဲက လက်ဖက်ရည်ဆိုင်တွေအထိ လိုက်လံဖမ်းဆီးနေလို့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်နေ့အတွင်းမှာတင် ဖမ်းဆီးခံရတဲ့ လူငယ် ၃၀ နီးပါးရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှု သပိတ်ကော်မတီဆီကနေ သိရပါတယ်။

မြင်းခြံလူထုလှုပ်ရှားမှု သပိတ်ကော်မတီ တာဝန်ခံက “၁၁ ရက်နေ့ကစဆွဲတာ အမှတ် ၆ က လက်ဖက်ရည်ဆိုင်တွေဘက်ပေါ့။ ၁၁၊ ၁၂၊ ၁၃ နေ့တိုင်းကြားတယ်။ ကျနော်တို့ သိရသလောက်တော့ လူ ၃၀ ဝန်းကျင်လောက်ပါတယ်။ ရပ်ကွက်တွေမှာတော့ စစ်မှုထမ်းခေါ်တယ်၊ စစ်မှုထမ်း အပတ်စဉ်တိုင်းကို ခေါ်ကြတယ်။ တရပ်ကွက်နဲ့ တရပ်ကွက်တော့ ခေါ်တဲ့ပုံစံမတူကြဘူး။ ရွာတွေဘက်တော့သူတို့ မစိုးမိုးတော့ဘူး။ အဖမ်းခံရတာက ကောင်လေးတွေများတယ်၊ အရွယ်ကတော့ လူငယ်ပိုင်းပေါ့ ၂၀ ကျော် ၃၀‌ ပေါ့။ ဖမ်းပြီးတဲ့ သူတွေကိုတော့ ပျူခေါင်းဆောင်သီတာယုမွန် အိမ်ကိုခေါ်သွားတယ်” လို့ ပြောပါတယ်။

အခုဒီဇင်ဘာလအတွင်း ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ ငွေကြေးနဲ့ ပြန်လည်ရွေး ယူတာမျိုးလုပ်မရဘဲ စစ်သင်တန်းတွေကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့နေ လူငယ်တွေအနေနဲ့ အချိန်မတော် နေအိမ်ပြင်ပကို သွားလာတာ၊ မလိုအပ်ဘဲ ခရီးသွားတာ၊ ပျော်ပွဲရွှင်ပွဲတွေကိုမလုပ်ဖို့ မန္တလေးသပိတ်အင်အားစုက တောင်းဆိုထားပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013