မကွေးတိုင်း၊ မြိုင်နယ်ထဲက သရက်ကွပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဒီဇင်ဘာ ၂၁ ရက်မှာ သိမ်းယူခဲ့တာကြောင့် စစ်ကောင်စီတပ်က မြိုင်မြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်ချထားပါတယ်။
မြိုင် PDF မှ ကိုဗစ်တာက “မြို့ပေါ်မှာ ကာကင်းလုပ်တယ်။ ပျူရွာတွေမှာ အတွင်းထဲမှာ ခံစစ်သဘော ကာကင်းပြင်တယ်ပေါ့။ သရက်ကွကို သိမ်းပြီးတော့ သူတို့ ပိုပြီးတော့ ခံစစ်တွေ မြို့ပတ်ပတ်လည်ကို နယ်မြေရှင်းလင်းဖို့တွေ အာရုံစိုက်လာတယ်။ မြိုင်နဲ့ပတ်ချာလည် ဆင်ခြေဖုံးတွေကို နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်။ ကနေ့လည်း မြိုင့်ရဲ့တောင်ဘက် ကန်ကြီးရိုးတို့ ဘာတို့ ရွာလေးတွေကို ဝင်မွှေနေပြီ။ လောလောဆယ် မြိုင်ပတ်ချာလည် ပြည်သူတွေကတော့ ရှောင်နေရတယ်။ ပတ်ပတ်လည်ဆိုရင် တောင်ဘက်နဲ့ အရှေ့ဘက်နဲ့ မြောက်ဘက်နဲ့ဆိုရင် ၁၀ ရွာလောက်ရှိမှာပေါ့” လို့ ပြောပါတယ်။
မန္တလေးမြို့ ပတ်ချာလည်မှာရှိနေတဲ့ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ချောင်းဦး၊ ရွှေဘို၊ ပုလဲမြို့နယ်တွေအားလုံးမှာ PDF တွေအားကောင်းနေပြီး၊ မကွေးတိုင်း ပခုက္ကူခရိုင်ထဲက မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာလည်း PDF တွေ အားကောင်းနေတာပါ။
မန္တလေးတိုင်းထဲမှာ စစ်ကောင်စီတပ်က ဖိအားပေးတိုက်ခိုက်နေသလို ကပ်ရက် မကွေးတိုင်းထဲက စစ်ကောင်စီအင်အားစုတွေကို PDF တွေက ပြန်လည်ဖိအားပေးနေတာ ဖြစ်ပါတယ်။
ဒေသတွင်း စစ်ရေးပြဿနာတွေနဲ့ နယ်မြေမလုံခြုံမှုတွေကြောင့် ရာဇဝတ်မှုတွေလည်း ဆက်တိုက်ဖြစ်ပွားနေပြီး မြန်မာပြည်အလယ်ပိုင်းမှာ ဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေ ဖြစ်နေတာပါ။
မန္တလေးတိုင်းအတွင်းမှာကို မန္တလေးမြို့နဲ့ကပ်ရက် မတ္တရာ၊ ပြင်ဦးလွင်၊ မြင်းခြံမြို့နယ်တွေအထိ စစ်ကောင်စီကို PDF တွေက အနီးကပ် ဖိအားပေးတိုက်ခိုက်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “မန်းတိုင်းအခြေအနေနဲ့ ပတ်သက်ရင်တော့ နွားထိုးကြီးမြို့နယ်ပေါ့။ မိုင်တိုင်အမှတ် ၃၁၉၊ ၃၁၈ ကြားမှာရှိတဲ့ ၆ ဖာလုံမှာတော့ နှစ်ဖက် စစ်ရေးတင်းမာနေတာ ရှိတယ်။ နှစ်ဖက် ရင်ဆိုင်နေတာရှိတယ်။ လေကြောင်းတိုက်ခိုက်မှုရန်က ရှိတယ်လို့ သိရတယ်။ ဒါက နွားထိုးကြီး မြင်းခြံပေါ့နော်။ မန္တလေးမြို့ပေါ်မှာကတော့ လုံခြုံရေး တင်းကျပ်ထားတာရှိတယ်၊ ပုံမှန်အတိုင်းပဲ စစ်မှုထမ်းခေါင်းစဉ်နဲ့ ပေါ်တာဆွဲတာရှိတယ်၊ လမ်းသွားလမ်းလာတွေ ဖမ်းဆီးတာရှိတယ်။ ဒီကြားထဲမှာ ရွှေဆိုင်ဓားပြမှုတွေ ပေါ်လာတာလည်း တွေ့ရတယ်ပေါ့နော်” လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအလွန်မှာ မန္တလေးဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေက မန္တလေးနန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သလို မန္တလေးမြို့နဲ့ကပ်ရက် မတ္တရာ၊ ပြင်ဦးလွင်၊ မြင်းခြံမြို့နယ်တွေအထိ စစ်ကောင်စီကို အနီးကပ် ဖိအားပေးတိုက်ခိုက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
သုတချမ်းသာ