ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မှာ တိုက်ပွဲကာလ ရက်ပေါင်း ၂၀ ကြာတဲ့အထိ ဒေသခံထောင်နဲ့ချီပြီး ပိတ်မိနေတုန်းပဲလို့ ဒေသခံတွေနဲ့ လူမှုကူညီရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မြို့ခံတွေဟာ ဗန်းမော်မြို့ထဲက ဘာသာရေးအဆောက်အဦတွေမှာ ထောင်နဲ့ချီ ခိုလှုံနေကြပြီး မိမိတို့ နေအိမ်မှာပင် ဆက်နေထိုင်သူတွေလည်း ရှိကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဗန်းမော်ကထွက်လာတဲ့ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။
ဗန်းမော်မြို့ခံ အမျိုးသမီးက “ထောင်ကျော်ကတော့ အနည်းဆုံးရှိလိမ့်မယ်။ ဘုန်းကြီးကျောင်းတောင် ၃၀၀ ကျော်လောက် ကျန်တယ်ဆိုတော့လေ။ ပိုက်ဆံတပြားမှ မရှိဘူး။ စားစရာတောင်မရှိတဲ့သူ ရှိတယ်။ စက်လှေခတွေရော၊ ကားခတွေရော ဈေးကြီးနေတာ ဘယ်လိုလာမလဲ။ ကျမတောင်ရှိတာ အကုန်ရောင်းထားပြီး ပိုက်ဆံလေးရှိနေလို့ ထွက်လာနိုင်တာ။ မဟုတ်ရင် ဘယ်လိုမှ မထွက်လာနိုင်ဘူး” လို့ပြောတယ်။
လူမှုကူညီရေးအသင်းတွေကလည်း အန္တရာယ်ရှိနိုင်တာကြောင့် မြို့ထဲကို မဝင်တော့ဘဲ စင်ခန်းနဲ့ ရွှေကူမြို့တွေကနေ စောင့်ကြိုပေးနေကြောင်း ပြောပါတယ်။
ဒါပေမဲ့ ရွှေကူမြို့နယ်ထဲမှာလည်း ဗန်းမော်ဒေသခံ ထောင်နဲ့ချီရှိနေသေးကြောင်း ရွှေကူ-မန္တလေးကို အကြိုအပို့လုပ်ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရဆို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် တိုက်ပွဲကြား ပစ်ခတ်ခံရမှုတွေကြောင့် အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး ရာနဲ့ချီထိခိုက်ဒဏ်ရာရထားကြောင်း သိရပါတယ်။
တိုက်ပွဲအနေနဲ့ကတော့ စစ်ကောင်စီတပ်သားတွေက စကခ (၂၁)၊ မြို့မရဲစခန်းလိုနေရာတွေကနေ အဓိကခုခံနေပြီး KIA ၊ KPDF ပူးပေါင်းတပ်ကလည်း ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ဗန်းမော်အနီးဝန်းကျင်မှာ စစ်ရှောင်နေတဲ့ ဒေသခံတွေက ပြောပါတယ်။