Home
မြန်မာသတင်း
စစ်ကောင်စီတပ်က အင်အားဖြည့်နေသဖြင့် နောင်ချိုတွင် တိုက်ပွဲများဆက်ဖြစ်
DVB
·
December 22, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားတွေ ဆက်ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)  သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီဟာ တောင်ခမ်းက တပ်ရင်းတွေ လက်မလွှတ်ရရေးအတွက် မြန်မာပြည် အလယ်ပိုင်းကတပ်တချို့ကို ရှမ်းပြည်နယ်တောင်ပိုင်းကတဆင့် စစ်အင်အားဖြည့်တင်းနေပြီး TNLA နဲ့ မဟာမိတ်အဖွဲ့တွေကလည်း စစ်ကူလမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးက စစ်ကောင်စီတပ်ရင်းတွေနဲ့ TNLA တို့ တိုက်ပွဲ ဖြစ်နေတာ လအတန်အကြာနေပြီဖြစ်ပြီး တရုတ်ရဲ့ ကြားဝင်မှုကြောင့် ဆွေးနွေးပွဲဖြစ်လာချိန်မှာ လည်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွေ ဆက်ရှိနေဦးမယ်လို့  TNLA သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်ကောင်စီဘက်က တောင်ခမ်းကို စစ်အင်အားဖြည့်တင်းတာလုံးဝမရပ်ပါဘူး။ အင်တော၊ ကျောက်ဂူဒေသတွေကနေ မကြာခဏစစ်အင်အားဖြည့်တင်းနေတာပါ။ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ရှိလာရင်လည်း သူတို့ဘက်က ဒီလိုအခြေအနေတွေအတိုင်းပဲဆိုရင် တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာပါပဲ။ ကျနော်တို့အနေနဲ့ကတော့ ထုတ်ပြန်ထားတဲ့အတိုင်း ခုခံပိုင်ခွင့်အပေါ် မူတည်ပြီး လုပ်ဆောင်သွားမှာပါ”

တောင်ခမ်းကတပ်တွေကို ရပ်စောက်-ကျောက်ဂူလမ်းကြောင်းကနေ အဓိက စစ်ကူပို့ပေးနေပြီး အဲဒီလမ်းပိုင်းတွေမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA က ဖြတ်တောက် တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကလည်း စစ်ကောင်စီဘက်က စစ်ကူလာတဲ့ စစ်ကြောင်းကို DPLA က ကျောက်ဂူအနီးတဝိုက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။

လက်ရှိမှာ တောင်ခမ်းကျေးရွာအနီးက စစ်ကောင်စီရဲ့ အမှတ် ၉၀၂ နဲ့ ၃၅၄ တပ်တွေကို စစ်အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024